


ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများနှင့်အတူ ၃၀-၁၁-၂၀၂၂ ရက်နေ့နံနက် ၉ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံအရာထမ်းများနှင့်တွေ့ဆုံ၍ အမှာစကားပြောကြားခဲ့သည်။
ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ပြည်သူ့ ဘဏ္ဍာစီမံခန့်ခွဲစနစ်ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဉပဒေနှင့်အညီ စစ်ဆေးခြင်းဖြင့် ကြီးကြပ်ထိန်းကျောင်းပေးလျက်ရှိပါကြောင်း၊ သို့ပါ၍ မိမိတို့ရုံး၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို သိရှိနားလည်ရန် လိုအပ်သကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကျွမ်းကျင်မှုအရည်အသွေးများ ပြည့်ဝနေရန်လည်း လိုအပ်ပါကြောင်း၊ လုပ်ငန်းသဘာဝအရ အဖွဲ့ဖြင့် ဆောင်ရွက်ရသည့် ပညာရပ်ဆိုင်ရာလုပ်ငန်းဖြစ်၍ အပြန်အလှန်လေးစားမှုဖြင့် စည်းလုံးညီညွတ်စွာဆောင်ရွက်ကြရန်နှင့် လုပ်ငန်းဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရမည် ဖြစ်ပါကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျွမ်းကျင်မှုရှိစွာ၊ ရိုးသားဖြောင့်မတ် သိက္ခာသမာဓိရှိစွာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့ပြင် စာရင်းစစ်ကျင့်ဝတ်သိက္ခာစောင့်ထိန်းမှုနှင့် သတင်းအချက်အလက် လုံခြုံမှုတို့ကိုလည်း အထူးဂရုပြုဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် နိုင်ငံတော်အပေါ်သစ္စာစောင့်သိလျက် မွန်မြတ်သောစိတ် စေတနာများဖြင့် ပြည်သူ့အကျိုးရှေးရှုဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံး တာဝန်ခံအရာထမ်းများက လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြကြသည်။ ယင်းနောက် အမြဲတမ်းအတွင်းဝန်က တင်ပြချက်များနှင့် စပ်လျဉ်း၍ ထပ်မံဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုစာရင်းစစ်ချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံး၊ညွှန်ကြားရေးမှူးနှင့် ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးများမှ တာဝန်ခံအရာထမ်းများ စုစုပေါင်း ၅၀ဉီး တက်ရောက်ခဲ့ ကြသည်။
