OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဂျာမဏီနိုင်ငံ GIZ နည်းပညာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့တွေ့ဆုံပွဲ

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်အား ဂျာမဏီနိုင်ငံ GIZ နည်းပညာပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့မှ Head of Project ဖြစ်သူ Mr.Thomas Foerch ဦးဆောင်သည့် အဖွ့ဲက ၂-၉-၂၀၁၃ ရက်နေ့ နေ့လည် ၁၂း၀၀ နာရီမှ ၁၂း၃၅ နာရီအထိ နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမတွင် လာရောက် တွေ့ဆုံပါသည်။
၂။ ယင်းသို့တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က ယခုကဲ့သို့ လာရောက်တွေ့ဆုံခြင်း အတွက် ဝမ်းမြောက်ပါကြောင်း၊ ဆွေးနွေးမည့် အနာဂတ်ကာလအကူအညီနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီ အစဉ်များကို သိရှိလိုပါကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးအနေဖြင့် စာရင်းစစ်ဆေးရေးနည်းပညာရပ်များ တိုးတက်အောင် ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ စာရင်းစစ်စံနှုန်းများအတိုင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၃။ GIZ အဖွဲ့က စာရင်းကိုင်နှင့် စာရင်းစစ်ပညာသည် အရေးကြီးပါကြောင်း၊ ၂၀၁၃ခုနှစ် မတ်လအတွင်း မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနှင့် တွေ့ဆုံဆွေးနွေးချက်အရ မြန်မာနိုင်ငံ စာရင်း ကောင်စီ ဥပဒေအကြောင်း သိရှိထားကြောင်း၊ တည်ဆဲ ဥပဒေထက်ပိုပြည့်စုံသော ဥပဒေပေါ်ပေါက်ရေး မှာ အချိန်အတိုင်းအတာ လိုအပ်ကြောင်း၊ ၎င်းတို့မှ ကူညီဆောင်ရွက်လိုပါကြောင်း၊ ဥပဒေအသစ်တွင် စာရင်းစစ် ဝန်ထမ်းများ၏ Capacity Building ဆိုင်ရာကိစ္စလည်း ပါဝင်နိုင်မည်ဖြစ်၍ အကူအညီပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။
၄။ ပြည်ထောင်စုစာရင်းစစ်ချုပ်က ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံစာရင်းကောင်စီ ဥပဒေကို ပြန်လည် ပြင်ဆင် ရေးဆွဲလျက်ရှိပါကြောင်း၊ ဘက်စုံထောင့်စုံပြည့်စုံသည့် ဥပဒေဖြစ်ပေါ်လာရေးအတွက် ဒုတိယ စာရင်းစစ်ချုပ်က ဦးစီးသော အဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပထမမူကြမ်းကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ကုန်လောက်တွင် ပြီးစီးနိုင်မည်ဟု မျှော်မှန်းထားပါကြောင်း ပြောကြားရာ GIZ အဖွဲ့က ဥပဒေမူကြမ်းရေးဆွဲရာတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးလိုပါကြောင်း၊ မူကြမ်းနှင့် တစ်ပြိုင်နက်တည်း ဥပဒေအသစ်ကို လိုက်နာကြစေရန်အတွက် Action Plan လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ Action Plan အတွက်လည်း အကူအညီပေးလိုပါကြောင်း ဆွေးနွေးခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပါ သည်။
၅။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဒုတိယ စာရင်းစစ်ချုပ်၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။
၆။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေးခန်းမတွင် Mr.Thomas Foerch ဦးဆောင်သော အဖွဲ့နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အရာထမ်း (၂၀) ယောက်တို့သည် ၂.၉.၂၀၁၃ ရက်နေ့မှ ၃.၉.၂၀၁၃ ရက်နေ့ အထိ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပါသည်။