OFFICE OF THE AUDITOR GENERAL OF THE UNION

 

စာရင်းစစ်အရာရှိ၊မြို့နယ်စာရင်းစစ်အရာရှိများ အလုပ်ရုံဆွေးနွေးပွဲ (၂/၂၀၁၃)ကျင်းပ

စာရင်းစစ်အရာရှိ/ မြို့နယ်စာရင်းစစ်အရာရှိများ အလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၂/၂၀၁၃)ဖွင့်ပွဲ ကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမတွင် (၂၆.၈.၂၀၁၃)ရက်နေ့ ၁၀း၀၀နာရီတွင် ဖွင့်လှစ်ခဲ့ရာ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စု စာရင်းစစ်ချုပ်ကလုပ်ငန်းအဖွဲ့အစည်း များအားလုံးတို့သည် ပြည်သူလူထု၏ အကျိုးစီးပွားဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေရန် မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက် ရှိနေကြသည်ဖြစ်ရ၊ မိမိတို့၏ တာဝန်မှာ ယင်းသို့လုပ်ငန်းများဆောင်ရွက်ရာ တွင် ပြည်သူ့ဘဏ္ဍာရန်ပုံငွေများကို သုံးစွဲဆောင်ကြရသည့် လုပ်ငန်းစဉ်များအားလုံးသည် ဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စာရင်းစစ်ဆေးခြင်း၊ ရငွေများကို ပြည့်ဝစွာရရှိစေရန် ဆောင်ရွက်ထားခြင်းရှိမရှိ စစ်ဆေးခြင်း၊ သုံးစွဲခွင့်ပြုထားသည့် ငွေကြေးများကို ထိရောက်စွာအသုံးပြုမပြုစစ်ဆေးခြင်း၊ နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်အခများနှင့် စပ်လျဉ်း၍ ထပ်မံစစ်ဆေးရန်လိုအပ်ပါက စစ်ဆေးခြင်း၊ အပြုသဘောဆောင်သော လွဲမှားမှုများကို တည့်မတ်ပေးခြင်း၊ မသမာမှု၊ အလွဲသုံးမှုများကို ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားပါသည်။
ထို့ပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်က စာရင်းစစ်ဆေးရမည့် ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား စစ်ဆေးရာတွင် အဆင့်ဆင့်သော စာရင်းစစ်ရုံးအားလုံး၏ တာဝန်မှာ တပြေးညီဖြစ်ကြောင်း၊ ချိန်းကြိုးတစ်ခုမှာ ပါဝင်သော ကွင်းဆက်တိုင်း တန်းတူညီမျှ အရေးကြီးသလို ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေအရ တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့် သတ်မှတ်ဖွဲ့စည်းထားခြင်းသည် ကွင်းဆက်သဘောဖြစ်ပြီး၊ ကွင်းဆက်တိုင်း တူညီစွာ အရးကြီးကြောင်း၊ စာရင်းစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်ပြီး၊ တွေ့ရှိရသော ချို့ယွင်းချက်များ၊ ပြုပြင်သင့်သော အားနည်းချက်များနှင့် အားသာချက်များ စသည်တို့ကိုပါ သက်ဆိုင်ရာဌာနများနှင့် တွေ့ဆုံဆွေးနွေး ဖော်ပြသုံးသပ်အကြံပြုမှသာ စာရင်းစစ်ဆေးလိုက်သည့် လုပ်ငန်း၏ တိုးတက်မှုကို အကျိုးသက်ရောက်စေနိုင်မည်ဖြစ်ပါကြောင်း၊ ဤအလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အလိုက် စာရင်းစစ်ဆေး တွေ့ရှိမှုများကိုပွင့်လင်း စွာ ဆွေးနွေးကြရန်၊ ပြည်သူလူထုကို အခြေပြုသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာ စာရင်းစစ်ဆေးရေးလုပ်ငန်းများကို ပွင့်လင်းထင်သာမြင်သာစွာဖြင့် အတွေ့အကြုံများ ဖလှယ်ရယူကြရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်များမှ စာရင်းစစ်အရာရှိ/ မြို့နယ်စာရင်းစစ်အရာရှိ (၁၁၃) ဦးတို့ တက်ရောက်ပါဝင်ဆွေးနွေး ခဲ့ကြသည်။