၁။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက် နံနက် ၉း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေး ခန်းမ၌ အဆင့်မြင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၉၁)သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ်ဦးမျိုးမြင့် တက်ရောက်၍သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သူ (၅၈) ဦးတက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် က အောက်ပါအချက်များကို လမ်းညွှန်မှာကြား ခဲ့ပါသည်-
- သင်တန်းကာလအတွင်းမှာ တာဝန်ယူသင်ကြားပေးတဲ့ ကထိကများအားလုံးကို သင်တန်းသားများကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ သင်တန်းကာလပြီးဆုံးသည်အထိ စာရင်းစစ် ချုပ်ရုံးမှ ကထိကများနှင့်အတူ ပြင်ပဌာနမှ ကထိကများလည်း ပူးပေါင်းပါဝင်သင်ကြားပေးခဲ့ကြောင်း
- သင်တန်းသားများကလည်း သင်တန်းကာလ(၃)လအတွင်းမှာ သင်ကြားပေးခဲ့သည်များကို အသုံးချပြီး စာမေးပွဲကိုလည်း အဆင့်မြင့်မြင့် အောင်မြင်စေရန် ကြိုးစားရမှာဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပေးခဲ့သည်များမှာ လက်တွေ့လုပ်ငန်းနယ်ပယ်၌ အနည်းနှင့်အများ အသုံးတည့်မှာ ဖြစ်ကြောင်း
- ပြောင်းလဲနေမှုများကို မျက်ခြေမပြတ်၊ စဉ်ဆက်မပြတ်လေ့လာဆည်းပူးနေကြရန်ဖြစ်ကြောင်း
- ဗဟုသုတများကြွယ်ဝသည့် ဝန်ထမ်းများဖြစ်အောင်ကြိုးစား၍ ဌာနမှအားထားရပြီး စွမ်းရည်ထက် မြက်သည့် ဝန်ထမ်းများဖြစ်ရန် အစဉ်တစိုက်ကြိုးစားနေကြရန်လိုအပ်ကြောင်း
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၀း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
