၁။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက် နံနက် ၁၀ း ၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ စာရင်းစစ်များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၃၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့်သင်တန်းသားစာရင်းစစ်များ တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက်က လမ်းညွှန်မှာကြားရာတွင် - - သင်တန်းသားများသည် နိုင်ငံ့အကျိုးနှင့် ပြည်သူ့အကျိုးကို ဦးထိပ် ပန်ဆင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေများက အပ်နှင်းလိုက်သည့် စစ်ဆေး ရေးတာဝန်များကို ကျွမ်းကျင်နိုင်နင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် စစ်ဆေးရေးစွမ်းရည်များ စဉ်ဆက်မပြတ်တိုးတက်နေအောင် ကြိုးပမ်း အားထုတ်နေရမှာဖြစ်ကြောင်း၊ - စာရင်းစစ်သင်တန်းသားများအနေဖြင့် မိမိတို့လုပ်ကိုင်ရမည့် စာရင်းစစ် လုပ်ငန်းကို သာမန်မဟုတ်ဘဲ ပါးပါးနပ်နပ်နှင့် ကျွမ်းကျွမ်းကျင်ကျင်လုပ် ဆောင်နိုင်ရန် သင်ကြားပေးလိုက်သော ပညာရပ်များကို လက်တွေ့အသုံး ချရန် တိုက်တွန်းလိုကြောင်း၊ - သင်တန်းသားစာရင်းစစ်များသည် စာရင်းကိုင်ပညာရပ်နှင့် စာရင်းစစ် ပညာရပ်တို့ကို ကောင်းစွာတတ်ကျွမ်းရမည်၊ မိမိလုပ်ငန်းအပေါ် စေတနာ ထား၍အပြုသဘောဆောင်ပြီးအမှန်တကယ်ကျွမ်းကျင်သည့်နိုင်ငံ့အတွက် အားကိုးတန်ဖိုးထားရသော ဝန်ထမ်းများအဖြစ် ကြိုးစားစေလိုကြောင်း၊ - စာရင်းစစ်သင်တန်းသားများအနေဖြင့် နိုင်ငံတော်၏ ဘတ်ဂျက်ကိုဆိုင်ရာ အဖွဲ့အစည်းများက သုံးစွဲရာတွင် စနစ်တကျသုံးစွဲအောင် လမ်းညွှန်ရေးနှင့် နိုင်ငံတော်မှရမည့် အခွန်ရငွေများကို အပြည့်အဝရရှိအောင်စစ်ဆေးဆောင် ရွက်ပေးနိုင်သည့် စာရင်းစစ်ဝန်ထမ်းများအဖြစ် ကျရာတာဝန်ကို ကျေပွန်စွာ ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ - ပြောင်းလဲတိုးတက်လျက်ရှိသည့် အခြေအနေအရပ်ရပ်ကို အစဉ်လေ့လာ သုံးသပ်၍ ယင်းအပြောင်းအလဲများနှင့်အညီ၊ အတွေးအခေါ် ခံယူချက်များ ပြုပြင်ပြောင်းလဲကာ၊ အကျင့်စာရိတ္တကောင်းမွန်သူ၊ ထူးချွန်ထက်မြက်သူ များအဖြစ် ပြည်သူလူထုနှင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ကာကွယ်စောင့် ရှောက်ကြရန် လမ်းညွှန်မှာကြားပါသည်။
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၁၁ း ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
