ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
ရက်စွဲ၊ ၂၀၁၉ခုနှစ် ၊ဧပြီလ (၁၂) ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ နံနက် ၉ နာရီ၌ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ သင်တန်းကျောင်းခန်းမ၊ ရန်ကုန်မြို့တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် လက်မှတ်ရပြည်သူ့စာရင်း (ပထမပိုင်း) သင်တန်းအမှတ်စဉ် ၄၄ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်း ကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးမှ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်းအမှုဆောင်များ၊ သင်တန်းကထိကများ၊ သင်တန်းသား၊ သင်တန်းသူများ နှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- မြန်မာနိုင်ငံစာရင်းကောင်စီသည် နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုမည့် အရည်အချင်းပြည့်မီသော စာရင်းပညာ ရှင်များ တိုးပွားလာစေရန်အတွက် နည်းလမ်းများရှာဖွေဖြည့်ဆည်း ဆောင်ရွက်လျက် ရှိကြောင်း၊
- CPA ဝင်ပေါက်ကိုချဲ့ထွင်ပေးခဲ့ရာမှာ ယခင်က B.com ဘွဲ့ရများသာ တက်ရောက်ခွင့်ရရှိ ခဲ့သော်လည်း ယခုအချိန်တွင် B.Act, B.B.A နှင့် DA များပါ တက်ရောက်ခွင့်ပေးခဲ့ ပါကြောင်း၊
- အရေအတွက်များများ မွေးထုတ်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ CPA ဝင်ခွင့်ကို ချဲ့ထွင်ပေးခဲ့ ပေမယ့်လည်း အရည်အချင်းအပိုင်းမှာတော့ လျှော့ပေးသွားမှာ မဟုတ်ကြောင်း။ အရည် အချင်းပြည့်ဝသော CPAများ ဖြစ်ပေါ်လာစေရေးအတွက်အလေးထား ဆောင်ရွက်သွား မှာဖြစ်ကြောင်း။လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းသည် မြန်မာနိုင်ငံစာရင်းပညာ နယ်ပယ်မှာ အမြင့်ဆုံးအသက်မွေးဝမ်းကျောင်းပညာသင်တန်းတစ်ခု ဖြစ်ကြောင်း။
- CPA, DA သင်တန်းများကို ပုဂ္ဂလိကကိုယ်ပိုင်စာရင်းကိုင်သင်တန်း ကျောင်းများတွင် ဖွင့်လှစ်ခွင့်ပြုရေးကို မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေနှင့်အညီ စိစစ်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်လျှက်ရှိရာ ယခုအခါ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်း (၁၅) ကျောင်း ကိုဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း။
- CPA (ဒုတိယပိုင်း) စာမေးပွဲအောင်မြင်ပြီး သတ်မှတ်ထားတဲ့ အလုပ်သင်ကာလပြီး မြောက်လျှင် CPA (Full – Fledged)အဖြစ် သတ်မှတ်မှာဖြစ်ပြီး (Full–Fledged) ၁နှစ် ပြည့်လျှင် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူ (Professional Accountant in Public Practice) အဖြစ် လျှောက်ထားခွင့်ရှိမှာ ဖြစ်ကြောင်း။ အာဆီယံ စီးပွားရေးအသိုက်အဝန်း ASEAN Economic Community – AEC မူဘောင်အရ စာရင်းပညာဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြားသားများကို မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်ခွင့်တွေ ပေးရတော့မှာဖြစ်သလို မြန်မာCPA များ ကလည်း မိမိအရည်အချင်းပြည့်ဝလျှင် ပြည့်ဝသလို အခြားနိုင်ငံများမှာသွားရောက် လုပ်ကိုင်ခွင့်ရမှာ ဖြစ်ကြောင်း၊
- စာမေးပွဲတွင် အောင်မှတ်အနေဖြင့် အမှတ်(၅၀) သတ်မှတ်ထားပါကြောင်း၊ ယခု လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) ဘာသာရပ် များကို Module 1, Module 2 ခွဲခြားသတ်မှတ်ထားကြောင်း၊
- ကနဦးဖြေဆိုချိန်တွင် ဘာသာရပ်အားလုံးဖြေဆိုကြရမှာဖြစ်ကြောင်း၊ Module တစ်ခုတည်းက ဘာသာရပ်အားလုံးအောင်မြင်ပြီး အခြား Module တစ်ခုထဲက ဘာသာရပ်တစ်ခုခု ကျရှုံးခဲ့လျှင် ယင်း Module ထဲမှ ဘာသာရပ်အားလုံးကို တစ်ဆက်တည်း ၃ ကြိမ် အထိပြန်လည် ဖြေဆိုခွင့်ပြုထားကြောင်း။ တစ်ဆက်တည်း ၃ ကြိမ်အတွင်း အောင်မြင်မှုမရှိခဲ့လျှင် ဖြစ်စေ၊ စာမေးပွဲဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့လျှင် ဖြစ်စေ၊ ကနဦးစာမေးပွဲဖြေဆိုသည့်အတိုင်း ဘာသာရပ်အားလုံးကို ပြန်လည်ဖြေဆို ကြရမှာ ဖြစ်ကြောင်း ၊ ကျရှုံးသည့် Module တွင်ပါဝင်သည့် ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံးရရှိပြီး ၃ ဘာသာပေါင်းရမှတ် ၇၅ မှတ်ရရှိမှသာ ကျန် Pass ဖြစ်ထားသော Module ကိုအောင်မြင်သည်ဟုသတ်မှတ်ကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၉:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
