၁။ ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ(၁၅)ရက်နေ့ နံနက်(၁၀း၀၀) နာရီတွင်ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ အခြေခံဌာနတွင်း စာရင်းစစ်လုပ်ငန်းခွင် ကျွမ်းကျင်မှု အမှတ်စဉ် (၁/၂၀၁၅) သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပရာ အမြဲတမ်း အတွင်းဝန် တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။
၂။ အဆိုပါ အခမ်းအနားသို့ ဒုတိယ အမြဲတမ်းအတွင်းဝန်/ဒုတိယညွှန်ကြားရေးမှူးချုပ် (ရုံးအဖွဲ့)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ(၁၄၂)ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်မှ လမ်းညွှန် အမှာစကားပြောကြားရာတွင်-
- ဤသင်တန်းကျောင်းတွင် ကထိက သီးခြားခန့်အပ်ထားခြင်း မရှိကြောင်း၊ ကထိကများ အနေဖြင့် မိမိရဲ့အလုပ်တွေပစ်ပြီး လာရောက်သင်ကြားရခြင်းဖြစ်ကြောင်း၊
- ဌာနတွင်း စာရင်းစစ်များကို skill ရတဲ့အထိ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်အောင် ပို့ချခြင်းကြောင်း၊ ရက်တိုသင်တန်းဖြစ်သည့် အတွက် လက်တွေ့လုပ်ငန်းခွင်မှာ ကျကျနန လုပ်နိုင်သည်အထိ မရောက်သေးကြောင်း၊ ထပ်ပြီးလေ့လာရမည် ဖြစ်ကြောင်း၊ သင်ပေးတာတွေ အသုံးချဖို့လိုကြောင်း၊
- တစ်ချို့ကတော်ပြီး ဘွဲ့များတသီတတန်းရရှိထားသော်လည်း လက်တွေ့မှာ အသုံးမချ တတ်ကြောင်း၊ပြန်အသုံးချနိုင်မှ ပညာရှိဖြစ်ကြောင်း၊ မိမိရဲ့ဘေးတိုက် လက်အောက် ငယ်သားများကိုပြန်လည်သင်ကြားပို့ချပေးနိုင်မှသာ မိမိဖယောင်းတိုင်မှ အခြား ဖယောင်းတိုင်ကို ကူးစက်ပြီး အလင်းရောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ သင်ကြားခံရသူ အနေဖြင့်လည်းပြန်လည်အသုံးမချပါက သင်ကြားပို့ချမှုသည် အဟောသိကံ ဖြစ်ကြောင်း၊
- ပညာရပ်များသည် လေ့လာဆည်းပူး၍ မကုန်နိုင်ကြောင်း၊
- ပညာရပ်တစ်ခုကိုလေ့လာရာ၌ဖြစ်စေ၊ အလုပ်တစ်ခုကို လုပ်ရာ၌ဖြစ်စေ အလုပ်တစ်ခုကို နားလည်သဘောပေါက်ပြီးမှ လုပ်ခြင်းနှင့် နားလည်သဘောမပေါက်ဘဲ လုပ်ခြင်းက ရလဒ်များမတူပါကြောင်း၊
- လူတစ်ယောက်သည် တစ်ခါ၊ နှစ်ခါမှားလျှင် လက်ခံနိုင်ကြောင်း အမှားတစ်ခုကို ဆက်တိုက်ကျူးလွန်လာပါက ၎င်းတွင် လိုအပ်ချက်များ ရှိနေပြီဖြစ်ကြောင်း၊
- ဝန်ထမ်းအားလုံးမြင့်မားသည့် ရာထူးများထိ ရလိုကြကြောင်း၊ မိမိအပေါ်တွင်သာ မူတည်ကြောင်း၊
- စိတ်စေတနာ၊ အားမထည့်ဘဲ အလုပ်လုပ်ပါက ထိုသူ၏ Value မှာ အရောင်မှေးမှိန်သွားနိုင်ကြောင်း၊ စိတ်စေတနာ မပါဘဲ တာဝန်ကျေရုံသာ လုပ်ပြတာထက် အလုပ်ကို နားလည် သဘောပေါက်ပြီးပေးအပ်သည့် ရာထူးတာဝန်နှင့် ထိုက်တန်အောင် အားထည့် စိတ်စေတနာထည့်လုပ်ရန်လိုကြောင်း၊
- အလုပ်တစ်ခုလုပ်ရာတွင် ထိုက်တန်သည့် ရာထူးပေးထားသည့်အတွက် ထိုရာထူးနှင့် ထိုက်တန်သည့် အလုပ်ကို လုပ်ပြရန်မှာ မိမိ၏တာဝန်ဖြစ်ကြောင်း၊ ရာထူးတာဝန်နဲ့ ထိုက်တန်အောင် အလုပ်လုပ်ပေးလျှင် ခဏလေးနှင့် ကောင်းတဲ့နိုင်ငံဖြစ်လာနိုင်ကြောင်း၊
- လူတစ်ယောက် တော်သည်၊ ညံ့သည်ကို မိမိသာလျှင် အသိဆုံးဖြစ်ကြောင်း၊
- သင်တန်းသား/သူများမှာ ရင့်ကျက်ပြီး၊ အကျိုးအကြောင်း ချင့်ချိန်ဝေဖန်ဆင်ခြင်တွေးခေါ် နိုင်စွမ်းရှိသည့်အရွယ်ကို ရောက်နေပြီဖြစ်ကြောင်း၊
- ဗုဒ္ဓဘာသာ ထွန်းကားသည့်မြန်မာနိုင်ငံတွင် ကျင့်ဝတ်လောက နီတိများကို အလေးထားရမည်ဖြစ်ကြောင်း၊
-ရှေးလူကြီးများ ဆိုဆုံးမသည့်စကားရှိကြောင်း၊ ရပ်ရွာ၊ မိသားစု၊ လုပ်ငန်းခွင်များတွင် "ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား" ဆိုသည့် စကားပုံရှိကြောင်း၊ မိဘ၊ ဆရာ၊ ဆရာမများ ဆုံးမသည့် စကားတွင် ကြီးသူများက ငယ်သူများအား ၎င်းတို့၏ အတွေ့အကြုံများကို သင်ကြားပြသသော်လည်း မနာယူကြကြောင်း၊
-တစ်ဦးကောင်းတစ်ယောက်ကောင်း လုပ်တာထက် ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ရန် လိုကြောင်း၊
- မြတ်ဗုဒ္ဓ ဆိုဆုံးမမှုများတွင် သင်ကြားရာမှာ အတန်းအစား(၂)မျိုးရှိကြောင်း-
- အလွယ်တကူ နားလည်လက်ခံပြီး သင်ကြားနာယူတတ်သည့် ပုံစံနှင့်
- ဘယ်လောက်သင်သင် လုံးဝသင်ကြား၍မရသည့် အတန်းအစားရှိကြောင်း၊
- လက်တွေ့လုပ်ငန်းခွင်၌ တစ်ယောက်နဲ့တစ်ယောက်ပေါင်းစပ် ညှိနှိုင်းမှုမရှိဘဲ အားလုံးသည် ဗိုလ်လုပ်ချင်ကြကြောင်း၊ပေါင်းစပ် ညှိနှိုင်းပြီး အလုပ် မလုပ်ကြလျှင် လုပ်ငန်းခွင် တွင် ကောင်းမွန်သည့် အနေအထား မရှိနိုင်ကြောင်း၊
- ဗုဒ္ဓတရားတော်များတွင် အလွဲတကာအလွဲဆုံးမှာ အထင်လွဲတာဖြစ်ကြောင်း၊ အမွဲတကာ အမွဲဆုံးမှာ အသိဉာဏ်မွဲတာဖြစ်ကြောင်း၊ အကွဲတကာ အကွဲဆုံးမှာ စည်းလုံးညီညွတ်မှု ကွဲတာဖြစ်ကြောင်း၊
- သူများကိုပြုပြင်ပေးပြီး ကိုယ်ကိုယ်တိုင်လည်းပြုပြင်ရန်လိုကြောင်း၊
- ခန္ဓာကိုယ်ကြီးကို ဆေးကုသဖို့လိုသလို စိတ်ကျန်းမာရေးအတွက် ဆေးကုသဖို့လိုကြောင်း၊
-"သင့်အောင်ပေါင်း၊ကောင်းအောင်နေ၊တော်အောင်ကြိုးစား၊ စည်းကမ်းရိုသေ၊ တာဝန်ကျေစေ" ဆိုသည့်အတိုင်း အထက်၊ဘေး၊အောက်လူတွေနဲ့ သင့်အောင်ပေါင်းရန်လိုကြောင်း၊ ရင့်ကျက်ပြီး သည်းခံနိုင်စွမ်းရှိဖို့လိုကြောင်း၊ ကိုယ်ကိုယ်တိုင် တော်သလို လက်တွေ့မှာလည်း အသုံးချ၍ လက်အောက်ကိုလည်း သင်ပေးပြီး ပညာရှိဖြစ်အောင် လုပ်ရမည်ဖြစ်ကြောင်း၊
- စည်းကမ်းကို ကျကျနနလိုက်နာပြီး အများရိုသေအောင် လုပ်ရမည်ဖြစ်ကြောင်း၊
-လူကြီးတွေက အတွေးအခေါ် အမြော်အမြင်ရှိပြီး လူငယ်တွေက အလုပ်လုပ်နိုင်တဲ့ စွမ်းပကားရှိ၍ လူကြီးလူငယ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လုပ်ကိုင်ရန်လိုကြောင်း၊
- လူတိုင်းမှာ လွတ်လပ်ခွင့်ရှိကြောင်း၊ သို့သော် စည်းကမ်းဘောင်တော့ ရှိရမည် ဖြစ်ကြောင်း၊
-ဆက်လက်သင်ယူရမည်ဖြစ်ကြောင်း၊ တစ်ချို့လက်တန်းလုပ်နေကြောင်း၊ မှားနေလျှင် အမှန်လမ်းကြောင်း ပြန်တည့်ပေးရမည်ဖြစ်ကြောင်း၊
- ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဆိုသည့် ဆောင်ပုဒ်အတိုင်း ကောင်းအောင် လည်းနေ၊ တော်အောင်လည်း ကြိုးစားရန် လိုကြောင်းနှင့် ပညာတတ် မဟုတ်ဘဲ ပညာရှိ တစ်ယောက်ဖြစ်အောင် ကြိုးစား၍ပျော်ရွှင်စရာကောင်း သည့် လုပ်ငန်းခွင် နယ်ပယ်ဖြစ်အောင် မိမိသည် တစ်ထောင့် တစ်နေရာမှ တာဝန်များ ထမ်းဆောင်ကြပြီး ပါဝင်ဆောင်ရွက်ရန် လိုကြောင်း မှာကြားပါသည်။
၄။ အခမ်းအနားကို နံနက် (၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
