OFFICE OF THE AUDITOR GENERAL OF THE UNION

 

နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ၃-၁၀-၂၀၁၆ ရက်နေ့၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နှင့် နော်ဝေစာရင်းစစ်ချုပ်ရုံးတို့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး

ပြည်ထောင်စု   စာရင်းစစ်ချုပ်ရုံးနှင့်  နော်ဝေနိုင်ငံ   စာရင်းစစ်ချုပ်ရုံး   တို့အကြား နားလည်မှုစာချွန်လွှာ   လက်မှတ်ရေးထိုးရန်အတွက်   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂ ရက်မှ ၇ ရက်အထိ နော်ဝေနိုင်ငံ အော်စလိုမြို့သို့ သွားရောက်ခဲ့ပြီး ၃-၁၀-၂၀၁၆ ရက်နေ့တွင် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါ သည်။

ပြည်သူ့ဘဏ္ဍာငွေများ စီမံခန့်ခွဲရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးနည်းလမ်းများဖြင့် အရည်အသွေးမြင့်မားသော စာရင်း စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေး၊ စစ်ဆေးရေးလုပ်ငန်း စွမ်းဆောင်ရည် အားကောင်း လာစေရေး နှင့် နိုင်ငံတကာ စာရင်းစစ်ဆေးခြင်း အတွေ့အကြုံများ တိုးမြှင့်စေရေး အတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားရန်   နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ် များအား ဆွေးနွေးခြင်း၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာ အတွေ့အကြုံ ဖလှယ်ခြင်း၊ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနရှိ NORAD (Norwegian Agency for Development Cooperation) မှ Oil for Development Program အား လေ့လာ ခြင်း၊ နော်ဝေပါလီမန်ရှိ Standing Committee on Scrutiny and Constitutional Affair မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

ယင်းနားလည်မှုစာချွန်လွှာအရ အဓိက ဦးစားပေးဆောင်ရွက်သွားမည့် နယ်ပယ် မှာ မြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍစာရင်းစစ်ဆေးခြင်းများကို ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ စာရင်း စစ်ဆေးခြင်း၊ သတင်းအချက်အလက် နှင့် နည်းပညာဆိုင်ရာစာရင်းစစ်ဆေးခြင်း စသည့်စစ်ဆေးရေးနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ပြုလုပ်ကျင်းပပေးသွားရန် ဖြစ်ပါသည်။