OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စွမ်းဆောင်ရည်တိုးမြှင့်စေရန် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းဆောင်ရွက်၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

   ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ဒေသတွင်း စွမ်းဆောင်ရည် တိုးမြှင့်ရန်နှင့် နည်းပညာ အကူအညီပေးရန် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များအနက် တစ်ခုဖြစ်သည့် ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်း လမ်းညွှန်ပြုစုမှုနှင့် စပ်လျဉ်းသည့် တိုးတက်မှုအခြေအနေနှင့် လက်တွေ့စမ်းသပ် စစ်ဆေးခြင်းအတွက် အလုပ်ရုံဆွေးနွေးပွဲကို အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်း ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၉:၃၀ တွင် စတင်ကျင်းပခဲ့ပါသည်။ ပြင်ဆင်ရေးဆွဲလျက်ရှိသည့် ဘဏ္ဍာရေးစာရင်း စစ်ဆေးခြင်းလမ်းညွှန်နှင့်အညီ လက်တွေ့ စမ်းသပ် စစ်ဆေးမှု ပြုလုပ်ရန်အတွက် သင်တန်းပေးခြင်း အပါအဝင် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

   အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲ၌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းမှ ကြိုဆို နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး တက်ရောက် လာသည့် တာဝန်ရှိသူများကို အလုပ်ရုံ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက်များ ဖြစ်သော စာရင်းစစ်အဖွဲ့အစည်းများ၏ နိုင်ငံတကာစံ များ (International Standards of Supreme Audit Institutions – ISSAIs) အခြေပြု ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်း လမ်းညွှန်များ ပေါ်ထွက်လာရန်၊ ADB Project အကောင်အထည် ဖော်ဆောင်ရွက်သော အဖွဲ့အစည်းများ၏ ဘဏ္ဍာရေး ရှင်းတမ်းများအပေါ် လက်တွေ့ စစ်ဆေးခြင်းကို ပီပြင်စွာ ဆောင်ရွက်ပေးရန် တိုက်တွန်းခဲ့ပါသည်။

   အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းအားဖြင့် ဤရုံးအတွက် စာရင်းစစ်အဖွဲ့အစည်းများ ၏ နိုင်ငံတကာစံများ (International Standards of Supreme Audit Institutions – ISSAIs) အခြေပြု ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်း လမ်းညွှန်ရေးဆွဲ ပြဌာန်းနိုင်ရေး စတင်အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး စာရင်းစစ်စံနှင့်အညီ အရည်အသွေး ပြည့်မီသည့် စစ်ဆေးရေး လုပ်ငန်းများကို ဆောင်ရွက်လာနိုင်မည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်ပါသည်။

   ဒေသတွင်း စွမ်းဆောင်ရည် တိုးမြှင့်ရန်နှင့် နည်းပညာ အကူအညီပေးရေး စီမံကိန်းဆိုင်ရာ ဤအလုပ်ရုံ ဆွေးနွေးပွဲကို ဂျပန်အစိုးရ၏ Japan’s Fund for Poverty Reduction အထောက်အပံ့ဖြင့် အာရှဖွံ့ဖြိုးရေး ဘဏ်က နည်းပညာအကူအညီ ပေးကာ ဆောင်ရွက်လျက် ရှိပြီး ယင်းစီမံကိန်းတွင် ဤရုံးအပြင် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ စာရင်းစစ်ချုပ်ရုံးများလည်း ပါဝင်ဆောင်ရွက်လျက် ရှိပါသည်။

   အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ စာရင်းစစ်ချုပ်ရုံးများ လိုက်နာရမည့် နိုင်ငံတကာ စစ်ဆေးရေးစံများ အကောင်အထည်ဖော် ကျင့်သုံးနိုင်ရေး လုပ်ငန်းအဖွဲ့ (ISSAI Implementation Technical Working Group-TWG) မှ အဖွဲ့ဝင်များ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် ဒေသစာရင်းစစ်ရုံးများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

   အလုပ်ရုံ ဆွေးနွေးပွဲကာလအတွင်း TWG အဖွဲ့ဝင်များနှင့် ADB မှ တာဝန်ရှိသူများသည် ဤရုံးအတွက် ISSAI အခြေပြု ဘဏ္ဍာရေးစာရင်း စစ်ဆေးခြင်းနှင့် စည်းမျဉ်း လိုက်နာမှု စာရင်း စစ်ဆေးခြင်းဆိုင်ရာ စစ်ဆေးရေး လက်စွဲနှင့် စစ်ဆေးရေး လမ်းညွှန်များပေါ်ထွက် လာရေး၊ ဒေသတွင်း စွမ်းဆောင်ရည် တိုးမြှင့်ရန်နှင့် နည်းပညာ အကူအညီပေးရေး စီမံကိန်းနှင့် စပ်လျဉ်း၍ ရှေ့ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ မစစ်မီ ကြိုတင်ပြင်ဆင်ခြင်း၊ စစ်ဆေးရေး စီမံချက်ရေးဆွဲခြင်း၊ စစ်ဆေးရေး လုပ်ငန်း ဆောင်ရွက်ခြင်း၊ အစီရင်ခံခြင်းစသည့် စာရင်း စစ်ဆေးရေး လုပ်ငန်းစဉ်များကို ISSAI အခြေပြု ဘဏ္ဍာရေးစာရင်း စစ်ဆေးခြင်း လမ်းညွှန်နှင့်အညီ ဆောင်ရွက်နိုင်ရေး ဆွေးနွေးပို့ချပေးခဲ့ ပါသည်။ ယင်းနောက် ၂-၈-၂၀၁၆ ရက်နေ့တွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ သွားရောက်၍ ၎င်းဌာနများမှ ADB အထောက်အပံ့ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံကိန်း(၂)ခုကို အဆိုပါ လမ်းညွှန်နှင့်အညီ လက်တွေ့ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပါသည်။ ၅-၈-၂၀၁၆ ရက်နေ့တွင် TWG ဥက္ကဌ ဖြစ်သူ စစ်ဆေးရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နိုင်သက်ဦးနှင့် တာဝန်ရှိသူများမှ သင်တန်းသားများသို့ သင်တန်းတက်ရောက် ပြီးမြောက်ကြောင်း ဂုဏ်ပြုလက်မှတ် များ ပေးအပ်ချီးမြှင့်ခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။