OFFICE OF THE AUDITOR GENERAL OF THE UNION

 

အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုအမှတ်စဉ်(၂၂၅)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

၁။ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံ စာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှု အမှတ်စဉ် (၂၂၅)သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ အမြဲတမ်း အတွင်းဝန် ကိုယ်စား ဒုတိယအမြဲတမ်းအတွင်းဝန် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/ သင်တန်းသူ (၁၃၂) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ဒုတိယအမြဲတမ်းအတွင်းဝန်က အောက်ပါအချက်များကို လမ်းညွှန်မှာကြား ခဲ့ပါသည် -
- သင်တန်းသားများအနေဖြင့် ယခုလိုသင်တန်းတက်ရောက်ဖြစ်ခဲ့ခြင်းသည် မိမိအတွက် ရော၊ မိမိဌာနအတွက်ရော မှန်ကန်အကျိုးရှိသည့်အလုပ်ဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦး အနေဖြင့် မဖြစ်မနေသိရှိလိုက်နာရန်လိုအပ်သည့် ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်း အပါအဝင် သင်ကြားပေးလိုက်သည့် ဘာသာရပ်အားလုံးနှင့်ပတ်သက်၍ ဥပဒေလုပ်ထုံး များကို စနစ်တကျ သင်ယူသိရှိခွင့်ရရှိသဖြင့် အလုပ်တာဝန်ကို စည်းမျဉ်းလုပ်ထုံးနှင့်အညီ ထမ်းဆောင်နိုင်ကြပြီး မိမိနှင့်အထက်အောက်၊ မိမိရုံးပါ အမှားအယွင်းနည်းပြီး အန္တရာယ်ကင်းစွာဖြင့် တိုင်းပြည့်ဝန်ကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊
- အလုပ်ချိန်တွင် onduty ဖြင့် စာသင်ခန်းတွင်ထိုင်၍ ပညာသင်ယူခွင့်ရရှိခြင်းသည် အခွင့်အရေးတစ်ရပ်ဖြစ်ပြီး၊ မိမိဌာနကိုလည်းကျေးဇူးတင်သင့်ကြောင်း၊ ဤရုံး အနေဖြင့်လည်း လေ့ကျင့်ရေးဌာနတွင် ဖွဲ့စည်းပုံဖြင့် ကထိကများခန့်အပ်သင်ကြားရခြင်း မဟုတ်ဘဲ တာဝန်အသီးသီးလက်ရှိထမ်းဆောင်နေသူများက မိမိတာဝန်ချိန်အတွင်းမှ အလုပ်တစ်ဖက်ဖြင့် သင်ကြားပေးရခြင်းဖြစ်ကြောင်း၊
- Private study ရရှိသည့်ရက်များတွင်လည်း ထပ်မံဖတ်ရှုမှတ်သားပြီး စာမေးပွဲတွင်သိသမျှကို သန့်သန့်ရှင်းရှင်းဖြေဆိုကြပြီး၊ ယင်းသို့ဖြေဆိုခြင်းဖြင့် မိမိမှတ်သားရန်/အသိရှင်းလင်းရန် လိုအပ်ချက်ရှိနေကြောင်း တွေ့ရှိပါကလည်း နောင်ထပ်မံလေ့လာ/မှတ်သားခြင်းဖြင့် ဘာသာရပ် အားလုံးကို ရှင်းလင်းပိုင်နိုင်သွားပြီးတာဝန်များကို ပီပီပြင်ပြင်ဆာင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊
- သင်တန်းသားများက သင်ခန်းစာများကို မိမိဌာနတွင် သင်တန်းပြန်လည်ဖွင့်လှစ် သင်ကြားပေးနိုင်သည့် အခြေအနေအထိရောက်ရှိစေလိုကြောင်း၊
- နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများသည် အလုပ်တာဝန်နှင့် ပတ်သက်သည့် လုပ်ထုံး၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ပြည့်စုံရန် လိုအပ်ရုံမျှမကဘဲ အတွေးအမြင် မှန်ကန်ဖို့၊ ဖြောင့်မတ်စွာ ဆောင်ရွက်ဖို့၊ မိမိစိတ်ထားကို မှန်ကန်အောင် ထားဖို့လည်း များစွာ အရေးကြီးပါကြောင်းကို အထူးအလေးပြု ဖြည့်စွက် ပြောကြားလိုက်လိုပါကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် (၁၀း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။