OFFICE OF THE AUDITOR GENERAL OF THE UNION

 

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်အား အမေရိကန်နိုင်ငံ USAID မှ Project Director ဖြစ်သူ Mr.Nathan R.Kline ဦးဆောင်သည့် စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဥပဒေနှင့် အဖွဲ့အစည်းများပြောင်းလဲရေး အကဲဖြတ်စိစစ်ရေးအဖွဲ့မှ လာရောက်တွေ့ဆုံဆွေးနွေး

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးသိန်းထိုက်အား အမေရိကန်နိုင်ငံ USAID မှ Project Director ဖြစ်သူ Mr.Nathan R. Kline ဦးဆောင်သည့် စိုက်ပျိုးရေး၊ ကူးသန်းရောင်းဝယ်ရေး၊ ဥပဒေနှင့် အဖွဲ့အစည်းများ ပြောင်းလဲရေး အကဲဖြတ်စိစစ်ရေးအဖွဲ့ (Agriculture, Commercial, Legal, Institutional Reform-AgCLIR Assessment Team)က ၁၃-၈-၂၀၁၃ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁း၁၅ နာရီအထိ နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းခန်းမတွင် လာရောက် တွေ့ဆုံပါသည်။
ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က တည်ဆဲဥပဒေအရ ပြည်ထောင်စု စာရင်းစစ်ချုပ်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စာရင်းစစ်ချုပ်များ၏ တာဝန်များ၊ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုလွှတ်တော်သို့ အစီရင်ခံ တင်ပြမှုဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ Capacity Building အတွက် လေ့ကျင့်သင်ကြားမှု အစီအစဉ်များနှင့် ဖွံ့ဖြိုး လာမည့် Capital Market အတွက် လိုအပ်သော ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ Mr.Kline မှ ၎င်းတို့သိလိုသည်များကို ဆွေးနွေးခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် ဒုတိယစာရင်းစစ်ချုပ်တို့မှ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေး မှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။