၁။၂၀၁၇ခုနှစ်၊ ဒီဇင်ဘာလ ( ၂၀ ) ရက်နေ့ မွန်းလွဲ ( ၁၅ း ၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်-၃များ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် ( ၄၇ ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၁၁၃) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ -
- ယခုဖွင့်လှစ်သော သင်တန်းသည် လုပ်ငန်းခွင် ကျွမ်းကျင်မှှု သင်တန်းဖြစ်၍ စာရင်းစစ်-၃များအတွက် အရေးကြီးသော သင်တန်းဖြစ်ကြောင်း၊
- စာရင်းစစ်-၃များသည် အခြေခံစာရင်းပညာ ကျွမ်းကျင်သူများဖြစ်ကြသော်လည်း လက်တွေ့လုပ်ငန်းခွင်တွင် လုပ်ဆောင်နိုင်ရန် ကျွမ်းကျင်မှုများ လိုအပ်နေသေးသည့်အတွက် သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊
- နိုင်ငံတကာတွင် အရည်အသွေးနှင့် ပတ်သက်၍ ရှေ့တန်းတင်နေသည့်ခေတ် ဖြစ်သဖြင့် စစ်ဆေးရေးအပိုင်းတွင် အရည်အသွေး ပြည့်စုံရန်လိုအပ်ကြောင်း၊
- နိုင်ငံတော်ကဏ္ဍ စာရင်းစစ်များသည် စာရင်းများ စစ်ဆေးရာတွင် ပြည်သူကိုယ်စားပြု၍ စစ်ဆေးရခြင်းဖြစ်သဖြင့် တိုင်းပြည်ကို ပို၍ အကျိုးပြုနိုင်ကြောင်း၊
- လုပ်ငန်းနှင့်စပ်လျဉ်း၍ အသိပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတများသည်လည်း အရေးကြီးသကဲ့သို့ ကျင့်ဝတ်များကိုလည်း စောင့်ထိန်းလိုက်နာဖို့ လိုအပ်ကြောင်း၊
- ကိုယ့်အထက်မှာ ရှိသည့် ပုဂ္ဂိုလ်မျုားသည် အချိန်တန်လျှင် အငြိမ်းစားယူကြမှာ ဖြစ်သောကြောင့် နောက်တက်မည့်သူများက စိတ်အား၊ ပညာအားဖြင့် ပြင်ဆင် ကြရမှာဖြစ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။
၄။ အခမ်းအနားကို မွန်းလွဲ (၁၅း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
