၁။၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၉ )ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂၂၉) ဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ကိုယ်စား အမြဲတမ်းအတွင်းဝန် တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၂၇၂) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- ဝန်ကြီးဌာနအသီးသီးရှိ စာရင်းဌာနစိတ်တွင် အလုပ်လုပ်ကိုင်ကြသော ဝန်ထမ်းများမှာ ကျောင်းမှ သင်ကြားပေးလိုက်သည့် ပညာရပ်များနှင့် လက်ရှိအလုပ်လုပ်ကိုင်ကြသည့်အခါ တချို့အရာများတွင် ကွာဟမှုများရှိနိုင်ကြောင်း၊
- ကျောင်းမှ သင်ကြားပို့ချပေးလိုက်သည့် ပညာရပ်များတွင် တချို့ဘာသာရပ်များသည် knowledge လောက်သာရရှိပြီး၊ တချို့ဘာသာရပ်များမှာ Skill ကျွမ်းကျင်မှု အဆင့်ရရှိသော်လည်း အလုပ်လုပ်ကိုင်ကြရာတွင် နိုင်နိုင်နင်းနင်း၊ ကျွမ်းကျင်တတ်မြောက်စေ ရန် သင်တန်းကျောင်းများ တည်ထောင်ထားခြင်းဖြစ်ကြောင်း၊
- ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံ့အတွက် Public Financial Management ပြည်သူ့ဘဏ္ဍာငွေကြေးစီမံခန့်ခွဲမှုစနစ် သတ်မှတ်ပြဋ္ဌာန်းနိုင်ရန် ကမ္ဘာ့ဘဏ်နှင့် UK ဘက်တို့မှ ကူညီထောက်ပံ့ပေးပြီး Public Financial Management Law ရေးဆွဲပြီး ဖြစ်ရာ မကြာခင် ပြဋ္ဌာန်းရန်ရှိကြောင်း၊
- ပြည်သူ့ဘဏ္ဍာငွေကြေးစနစ် ကောင်းမွန်စေရန်အတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနဘက်မှ ပြည်သူ့ဘဏ္ဍာငွေကြေး စီမံခန့်ခွဲနိုင်ရန်အတွက် သင်တန်းကျောင်းများ တည်ထောင်ပြီး နိုင်ငံ့ဝန်ထမ်းတိုင်း အလုပ်လုပ်ကြသည့်အခါ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရန်၊ ခေတ်နှင့်တစ်ပြေးညီပြောင်းလဲနေသည့် အသိပညာ အတတ်ပညာများကို ထဲထဲဝင်ဝင် သင်ကြားပြသပေးနိုင်မည့် PFM သင်တန်းကျောင်းများ မကြာမီ ပေါ်ပေါက်လာတော့မည်ဖြစ်ရာ ကောင်းမွန်သည့် လက္ခဏာဖြစ်ပါကြောင်း၊
- ယခင်က ရန်ကုန်သင်တန်းကျောင်းတွင် အခြေခံသင်တန်းကို တစ်နှစ်လျှင် (၄) ကြိမ်၊ အလယ်အလတ်နှင့် အဆင့်မြင့်သင်တန်းကို တစ်နှစ်လျှင် နှစ်ကြိမ် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ နေပြည်တော် သင်တန်းကျောင်းတွင် ကထိက အခက်အခဲများကြောင့် တစ်နှစ်လျှင် (၂) ကြိမ်နှင့် ( ၁ ) ကြိမ်သာ အသီးသီးဖွင့်လှစ်ခဲ့ကြောင်း၊
- တချို့ဌာနများတွင် သင်တန်းပြီးဆုံးမှသာ ရာထူးတိုးပေးရန်အတွက် သတ်မှတ်ချက် Critriea တစ်ချက်အနေဖြင့် သတ်မှတ်ထားပြီး ရာထူးတိုးပေးရန် လုပ်သက်စေ့နေပြီး သင်တန်းတက်ရောက်ခွင့် မရသေး၍ မတက်ကြရသည့် ဝန်ထမ်းများ ကျန်ရှိနေကြောင်း၊
- ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း လက်ထက်တွင် ယင်းကဲ့သို့ တက်ရန်ကျန်ရှိ နေသည့် သင်တန်းသားများစွာ တက်ရောက်ခွင့်ရရှိရန် ဤရုံးမှ အငြိမ်းစားယူသွားကြသည့် ညွှန်ကြားရေးမှူးများဖြင့် အခြားဌာနများတွင် ဤရုံး၏ သင်ရိုးညွှန်းတမ်းများ အတိုင်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ စာမေးပွဲကို ဤရုံးမှ တာဝန်ယူစစ်ဆေးခြင်း ဖြင့် သင်တန်းတက်ရောက်ခွင့် ပိုမိုရရှိစေခဲ့ကြောင်း၊
- ယခုသင်တန်းသို့ မိခင်ဌာနမှ အလုပ်များကို ချန်လှပ်ပြီး စေလွှတ်ပေးသည့်အတွက် သင်ကြားရသည့် ဘာသာရပ်များကို အကြမ်းအားဖြင့် တတ်မြောက်သွားမည်ဟု ယူဆ ကြောင်း၊
- အလုပ်တွင် မည်မျှအထိ အားကိုးအားထားဖြစ်သည်ကို မိမိကိုယ်တိုင် လိုချင်စိတ်ပြင်းပြ နေရမည်ဖြစ်ပြီး အလုပ် လုပ်ကိုင်ရာတွင် ရိုးသား၊ ကြိုးစား၊ ဖြောင့်မတ်၊ မှန်ကန်စွာ ကြိုးစားပြီး လုပ်ကိုင်ကြစေလိုကြောင်း၊
- နိုင်ငံ့အတွက်၊ ရုံးအတွက်၊ ပြည်သူ့အတွက် အားကိုးအားထားပြုနိုင်သည့် အဖိုးတန်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း၊
၄။ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် ၁၀း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
