ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

အစိုးရကဏ္ဍနိုင်ငံတကာစာရင်းစံသင်တန်း (International Public Sector Accounting Standard-IPSAS Training) ဖွင့်ပွဲအခမ်းအနား ကျင်းပ

၁။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက်နေ့ နံနက် ၉း၃၀ နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌      အစိုးရကဏ္ဍ နိုင်ငံတကာ စာရင်းစံ သင်တန်း (International Public Sector Accounting Standard - IPSAS Training) ဖွင့်ပွဲ အခမ်းအနား ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။ 

၃။ အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်မှ -

  • လက်ရှိ အစိုးရငွေစာရင်းထားနည်းစနစ်အား Cash Basis (ငွေသားစီးဝင်မှုအခြေခံ)ဖြင့် ကျင့်သုံးနေပြီး Cash Basis သည် အမှန်တကယ်ရရှိခြင်း၊ ပေးချေခြင်းများကို စာရင်းမှတ်သားခြင်း ဖြစ်ကြောင်း
  • အမှန်တကယ် ရရှိခြင်း၊ ပေးချေခြင်းများ သာမက ရရန်ရှိ၊ ပေးရန်ရှိများကို ထည့်သွင်း စာရင်း ဖော်သည့် Accrual Basis (စေ့ရောက်မှုအခြေခံ) သို့ ကူးပြောင်းရန် လိုကြောင်း
  • နိုင်ငံတကာတွင် အစိုးရကဏ္ဍ စာရင်းထားသိုခြင်းနှင့် စပ်လျဉ်း၍ International Public Sector Accounting Standards – IPSASs နှင့်အညီ ဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း
  • IPSASs ဆိုသည်မှာ International Public Sector Accounting Standards Board (IPSASB) မှ ထုတ်ပြန်ထားသည့် နိုင်ငံတကာ အများပြည်သူပိုင် ကဏ္ဍရှိ အဖွဲ့အစည်းများမှ ဘဏ္ဍာရေး ရှင်းတမ်းများ ရေးဆွဲပြုစုရာ တွင် လိုက်နာကျင့်သုံးရမည့် စာရင်းစံ ဖြစ်ကြောင်း၊ IPSASs သည် International Accounting Standards Board–IASBမှ ထုတ်ပြန်ထားသည့် International Financial Reporting Standard- IFRSs ကို အခြေခံထားခြင်းဖြစ် ကြောင်း
  • IASB မှ Public Company, Financial Institutions(ဥပမာ  Bank) များ အနေဖြင့် လိုက်နာ ကျင့်သုံးရမည့် International Financial Reporting Standards- IFRSs နှင့် အသေးစားနှင့် အလယ်အလတ်စား လုပ်ငန်းများ လိုက်နာရမည့်  IFRSs for SMEs တို့ကိုလည်း ထုတ်ပြန်ထားကြောင်း
  • စည်းကမ်း၊ စံများနှင့် စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်အတွက် များစွာ အကျိုးပြု နိုင် ကြောင်း
  • မိမိတို့ နိုင်ငံအနေဖြင့်လည်း IPSASs နှင့် စာရင်းထားသိုနိုင်ရန် ရည်ရွယ်ဆောင်ရွက်နေသည့် အတွက် အစိုးရကဏ္ဍမှ တာဝန်ရှိသူများမှလည်း IPSASs ကို သိရှိရန် လိုအပ်ကြောင်း
  • ယခုသင်တန်းကို ကမ္ဘာဘဏ်ချေးငွေ အထောက်အပံ့ဖြင့် ဆောင်ရွက်နေသည့် PFM Project ၏ Activity တစ်ခုအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း
  • ပြည်သူဘဏ္ဍာရေး စီမံခန့်ခွဲမှု ကောင်းမွန်သည်နှင့်အမျှ အကျိုးကျေးဇူးများကို တိုင်းသူပြည်သားများ ရရှိမည်ဖြစ်သည့်အတွက် လုပ်ဆောင်ရမည့် တာဝန်ရှိသူများမှလည်း အားတက်သရော လုပ်ဆောင်ရမည်ဖြစ်ကြောင်း
  • ယခုသင်တန်းမှ သင်ကြားပို့ချမယ့် ကိစ္စရပ်များကတော့ နိုင်ငံတကာ အစိုးရကဏ္ဍများ စာရင်းစံ သဘောတရား၊ စာရင်းသွင်းမည့် နည်းစနစ်တို့ကို ပို့ချသွားမည်ဖြစ်ကြောင်း
  • မိမိတို့ နိုင်ငံရှိ နာမည်ကြီး စာရင်းကိုင်ပညာ သင်တန်းကျောင်းများဖြစ်သည့်  Excellent Choice Institute of Finance and Management နှင့်  Nay Lin Aung   Finance & Accountancy Academy တို့မှ လာရောက်ပို့ချပေးမည် ဖြစ်သည့် အတွက် သင်တန်းသား/သူများ အတွက် အခွင့်အရေးတစ်ခုဖြစ်ကြောင်း
  • သင်တန်းမှာ အပတ်စဉ် စနေနေ့ ဖြစ်၍ မိမိတို့အားလပ်ရက်ဖြစ်သော်လည်း  အဖိုးတန်ပညာ များကို သင်ယူရသည့်အတွက် အကျိုးရှိပါကြောင်း
  • အဆိုပါ သင်တန်းသို့ ဤရုံးမှ သင်တန်းသား (၁၀၄) ဦးနှင့် ဝန်ကြီးဌာန အသီးသီးမှ (၃၄) ဦး၊ စုစုပေါင်း (၁၃၈) ဦး တက်ရောက်မည် ဖြစ်ပါကြောင်း စသည်ဖြင့် လမ်းညွှန်အမှာစကား ပြော ကြား ခဲ့ပါသည်။

၄။ အခမ်းအနားကို နံနက် ၁၀း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။