၁။ ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ် (၁)များ လုပ်ငန်းခွင် ကျွမ်းကျင်မှု အမှတ်စဉ်(၃၂) သင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာ စကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ (၁၀၈)ဦး တက်ရောက်ခဲ့ ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ -
- ဤသင်တန်းကျောင်းကို ကျွမ်းကျင်သော စာရင်းပညာရှင်များ ပေါ်ထွန်းလာစေရန်၊ စာရင်းဇယားများ မှန်ကန်စွာ ပြုစုထိန်းသိမ်းတတ်စေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သော ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက် များနှင့် ဖွင့်လှစ်ခဲ့ကြောင်း၊
- ဤသင်တန်းကျောင်းမှ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း တက်ရောက်ပြီးသည့် စာရင်းစစ်(၁)ပေါင်း (၂၆၆၀)ဦး မွေးထုတ်ပေးပြီး ဖြစ်ကြောင်း၊
- စာရင်းစစ်(၁)များသည် စာရင်းစစ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက် ကြရသည့်အတွက် သတိသမ်ပဇဉ်အပြည့်ဖြင့် ဆောင်ရွက်ကြရန်နှင့် Professional Ethics များကို လိုက်နာကြရန် လိုအပ်ကြောင်း၊
- စစ်ဆေးမည့် အဖွဲ့အစည်းအတွက် Audit Program မရေးဆွဲမီ ၎င်းအဖွဲ့အစည်း၏ လုပ်ငန်းသဘောတရားနှင့် စာရင်းထားသိုပုံ နည်းစနစ်များကို ဦးစွာ သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊
- မိမိတို့ စစ်ဆေးရေးလုပ်ငန်းများကို ပြောင်းလဲလာသည့်ခေတ်နှင့်အညီ ရင်ဘောင်တန်း နိုင်အောင် အထူးကြိုးစားကြရန် လိုအပ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။
၄။ အခမ်းအနားကို နံနက်(၁၀း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
