ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ် အရာရှိ ၊ မြို့နယ်စာရင်းစစ်အရာရှိများ စာရင်းစစ်ဆေးရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ

စာရင်းစစ်အရာရှိ ၊ မြို့နယ်စာရင်းစစ်အရာရှိများ စာရင်းစစ်ဆေးရေး လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲ အမှတ်စဉ် (၂/၂၀၁၄) ပိတ်ပွဲ အခမ်းအနားကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ (၁၃-၃-၂၀၁၄)နေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးသိန်းထိုက် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်က မတ် ၃ ရက်မှ ၁၃ ရက်အထိ နှစ်ကြိမ်ခွဲ၍ ပြုလုပ်သည့် ဆွေးနွေးပွဲများတွင် တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးမှ စာရင်းစစ်အရာရှိ ၄၀၉ ဦး တက်ရောက်ခဲ့ ပြီး ပါဝင်ဆွေးနွေးခဲ့ကြကြောင်း၊ ဆွေးနွေးပွဲများတွင် စာရင်းစစ်အရာရှိများက မြို့နယ်အလိုက်၊ ခရိုင်အလိုက် စာရင်းစစ်ဆေးရာမှ ထူးခြားတွေ့ရှိရမှုများကို ဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုအပေါ် တက် ရောက်လာသူများက အတွေ့အကြုံ၊လုပ်နည်းလုပ်ဟန်များကိုလေ့လာမှတ်သားရန် ဖြစ်ကြောင်း၊ ခေတ်စနစ်ပြောင်းလဲမှုများ အရ လုပ်ငန်းခွင်တွင် တွေ့ကြုံရမည့် အချက်များကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အမြဲမပြတ် လေ့လာဆည်းပူးမှတ်သားနေရန် လိုအပ်ကြောင်း၊ ဆွေးနွေးပွဲမှ ရရှိသည့် အတွေ့အကြုံများကို လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချရန် လိုအပ်ကြောင်း၊ မိမိတို့စစ်ဆေးတွေ့ရှိချက် True & Fair ဖြစ်ရန် လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းမှု ဖြစ်စေရန် အလေးထားဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားခဲ့သည်။ ထို့ပြင် စာရင်းစစ်ဆေးတွေ့ရှိချက်များအရ စစ်ဆေးရမည့် အဖွဲ့အစည်းများအား ပြန်လည်ပေးသွင်းစေသည့် ရန်ပုံငွေများမှာလည်း နိုင်ငံတော်က ရသင့်သည့် ငွေကြေးများ၊ မဆုံးရှုံးသင့်သည့် ငွေကြေးများဖြစ်ရန် လိုအပ်သကဲ့သို့ ပြန်လည်ပေးသွင်းရသည့် အဖွ့ဲအစည်းများအတွက်လည်း နစ်နာမှုမရှိစေရေး၊ လုပ်ငန်းခွင်တွင် ထိခိုက်မှု မရှိစေရေး သတိပြုရန်လိုအပ်ကြောင်း၊ ကိန်းဂဏန်းအချက် အလက်များ တိကျမှန်ကန်ရန် အရေးကြီးကြောင်း၊ စစ်ဆေးရမည့် အဖွ့ဲအစည်းများသည် သက်ဆိုင်ရာ ကဏ္ဍအလိုက် နိုင်ငံနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေကြသူများဖြစ်သည် ဟု ခံယူထားရန် လိုအပ်ကြောင်း၊ စာရင်းစစ်ဆေးရာမှ နိုင်ငံတကာ စာရင်းကိုင်စံ၊ စာရင်းစစ်စံများအတိုင်း စစ်ဆေး၍ တွေ့ရှိချက်များကို အပြုသဘောဆောင် ထောက်ပြပေးခြင်း၊ တည့်မတ်ပေးခြင်းတို့ကို ပြုလုပ်ပေးသကဲ့သို့ ဥပဒေ၊ နည်းဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိပါက မရှိကြောင်း တိကျစွာဖော်ပြကြရန် ဖြစ်ကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ ပါအတိုင်း ရိုးသားဖြောင့်မတ်စွာဖြင့် ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း မှာကြားခဲ့သည်။ အဆိုပါ စာရင်းစစ်ဆေးရေးလုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ စာရင်း စစ်အရာရှိ၊ မြို့နယ်စာရင်းစစ်အရာရှိ ၂၀၇ ဦးတို့တက်ရောက်ခဲ့သည်။