ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှု အမှတ်စဉ် ( ၂၂၈ ) သင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

၁။ ၂၀၁၇ ခုနှစ်၊ ဇွန်လ ( ၅ ) ရက်နေ့ နေ့လည် ၁၅း၀၀ နာရီ၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံ စာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှု အမှတ်စဉ် ( ၂၂၈ ) သင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့်သင်တန်းသား/သင်တန်း သူ (၂၂၂) ဦး တက်ရောက်ခဲ့ကြပါသည်။

၃။ အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က လမ်းညွှန်အမှာစကား ပြောကြားရာတွင်-

- ယနေ့ဖွင့်လှစ်သော သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့် ဌာနအသီးသီးမှ စာရင်းတာဝန်ယူသူ၊ ပစ္စည်း တာဝန်ယူသူများ တတ်သင့်တတ်ထိုက်တဲ့ စာရင်းဆိုင်ရာ ပညာရပ် များကို သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း၊

- ပို့ချမည့် ဘာသာရပ်များမှာ ဝန်ထမ်းတိုင်း သိထားသင့်သည့် ဝန်ထမ်းနှင့်သက်ဆိုင် သော စည်းမျဉ်း စည်းကမ်းများ၊ ဘဏ္ဍာငွေ အရအသုံးနှင့်ဆိုင်သော စည်းမျဉ်း စည်ကမ်းများနှင့် စာရင်းဆိုင်ရာ ပညာရပ်များဖြစ်ကြောင်း၊

- သင်တန်း ကာလအတွင်း မိမိတို့ အတွက်၊ မိမိဌာန အတွက် အကျိုးရှိအောင် ပို့ချသော သင်ခန်းစာများကို ဂရုတစိုက် လေ့လာ မှတ်သားကြရန်နှင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူမှသာ ပို့ချသည့် ဘာသာရပ်ကို သဘောပေါက်မှာဖြစ်ကြောင်း၊ ကြိုးစားမှသာ စာမေးပွဲ ဖြေဆိုနိုင်မှာ ဖြစ်၍ မဆုတ်မနစ်သော ဇွဲနှင့် ကြိုးစားကြစေလိုကြောင်း၊

- သင်တန်းကို ဘယ်လို ရည်ရွယ်ချက်နဲ့တက်တက် သင်ကြားပို့ချတဲ့ပညာရပ်ကို ဌာနအတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် အမှန်တကယ် တတ်မြောက်ဖို့ လိုအပ်ကြောင်း နှင့် သင်တန်း စာမေးပွဲကို သင်တန်းဆင်း အရည်အချင်း သတ်မှတ်ချက် အဆင့်ဖြင့် ထုတ်ပြန်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပေးပို့ သွားမှာဖြစ်ကြောင်း၊

- သင်တန်းစာမေးပွဲကို တစ်ကြိမ်သာ ဖြေဆိုခွင့်ရှိသဖြင့် အခွင့်အရေး ရရှိခိုက်ကြိုးစားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ စောင့်ထိန်း လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများကို အလေးထား လိုက်နာစောင့်ထိန်းရန် လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။

၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နေ့လည် ၁၅း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။