ဒီပလိုမာ စာရင်းကိုင်သင်တန်း

Wednesday, December 24, 2014 - 20:00

              မြန်မာနိုင်ငံ၌ ၁၉၂၃ ခုနှစ်တွင် အစိုးရစာရင်းကိုင်ဒီပလိုမာ (Government Diploma in Accountancy) နှင့် အထက်တန်းစာရင်းကိုင်ပညာသင်တန်း (Advanced Accountancy Class)  တို့ကို အိန္ဒိယအစိုးရမှဖွင့်လှစ် ခွင့်ပြုခဲ့ပါသည်။ ထိုအချိန်က အိန္ဒိယနိုင်ငံမြို့ကြီးများ၌သာ စာစစ်ဌာန ဖွင့်လှစ်၍ စာမေးပွဲဖြေဆိုစေခဲ့ပြီး ၁၉၂၅ ခုနှစ်မှ သာ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ စာစစ်ဌာနတစ်ခု သတ်မှတ်၍ ဖြေဆိုစေခဲ့ ပါသည်။ ၁၉၃၀ ပြည့်နှစ် ဝန်းကျင်၌  ”ကူးသန်းရေးနှင့် စီးပွားရေး ပညာသင်ကျောင်း”ဟူ၍ အလွတ်ပညာသင်ကျောင်း တစ်ကျောင်းပေါ်ပေါက်ခဲ့ ပါသည်။
             ၁၉၃၂ ခုနှစ် အတွင်း၌ အိန္ဒိယအစိုးမှ ၂၆-၃-၁၉၃၂ ရက်စွဲပါ စာရင်းကိုင်များ မှတ်ပုံတင်ရေး   ကြေငြာချက်စာအမှတ် ၂၁၃(၁၁) တီ နှင့်  အီး (အေဘီ) ဖြင့် မှတ်ပုံတင် စာကိုင် Registered Accountant (RA) လက်မှတ်ထုတ်ပေးရေး နည်းဥပဒေပြဌာန်းပေးခဲ့ပြီး အစိုးရ စာရင်းကိုင်ဒီပလိုမာ သင်တန်းများအား ရပ်ဆိုင်းခဲ့ပါသည်။  ၁၉၃၉ ခုနှစ်၌ မြန်မာနိုင်ငံ  စာရင်းစစ် လက်မှတ် ထုတ်ပေးရေးနည်း ဥပဒေကို ပြဌာန်းပေးခဲ့ပြီး ၁၉၄၀ ပြည့်နှစ်၌ ပထမနှစ် မှတ်ပုံတင်စာရင်းကိုင် စာမေးပွဲတစ်ကြိမ်သာ ကျင်းပနိုင် ခဲ့ပါသည်။ ၁၉၄၈ခုနှစ် ၌ မြန်မာနိုင်ငံ စာရင်းကိုင် အုပ်ချုပ်ရေးအဖွဲ့(Burma Accountancy Board) ကို ဖွဲ့စည်းပေးခဲ့ ပြီး ပထမနှစ် မှတ်ပုံတင်စာရင်းကိုင် သင်တန်းအား ၁၉၄၈ ခုနှစ် ဇူလိုင်လ၌ ပထမဦးဆုံး ဖွင့်လှစ်ပေးနိုင်ခဲ့ပါသည်။ ၁၉၅၆ခုနှစ် ၌ မြန်မာနိုင်ငံ အစိုးရပညာရေး ဝန်ကြီးဌာနမှ မြန်မာနိုင်ငံ စာရင်းစစ် လက်မှတ်ထုတ်ပေးရေး နည်းဥပဒေအား ၁၉၃၉ ခုနှစ်မှ ထုတ်ပြန်ခဲ့ သည့် မြန်မာပြည် စာရင်းစစ်လက်မှတ် ထုတ်ပေးရေး နည်းဥပဒေကို အစားထိုးသည့် ဥပဒေ အဖြစ်ထုတ် ပြန်ခဲ့ပါသည်။
         ၁၉၇၂ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေး အစိုးရမှ ၁၉၇၂ ခုနှစ် မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေကို ပြဌာန်းပေးခဲ့ပြီး ၁၉၅၆ ခုနှစ် မြန်မာနိုင်ငံ စာရင်းစစ် လက်မှတ် ထုတ်ပေးရေး နည်းဥပဒေ အား ရုပ်သိမ်းခဲ့ပါသည်။
       ၁၉၇၂ ခုနှစ် မြန်မာနိုင်ငံ စာရင်းကောင်စီ ဥပဒေနှင့် နည်းဥပဒေပါပြဌာန်းချက်များ နှင့် အညီ  မြန်မာနိုင်ငံ စာရင်းကောင်စီသည် ဒီပလိုမာ စာရင်းကိုင်သင်တန်းကို ၅-၃-၁၉၇၃ နေ့မှ စ၍ ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းကာလ မှာ ၂ နှစ်ဖြစ်ပါသည်။ ယခင်က စာသင်ခန်း နေရာ အခက်အခဲကြောင့် နံနက်ပိုင်းတွင်   ၇နာရီမှ ၉ နာရီအထိ တစ်ကြိမ်၊ ညနေပိုင်းတွင် ၅ နာရီမှ ၇ နာရီအထိ တစ်ကြိမ် နှစ်ကြိမ် ခွဲပြီး သင်ကြားပို့ချပေးခဲ့ပါသည်။ ယခုအခါ ဒီပလိုမာစာရင်းကိုင် သင်တန်းသားများသည် တနင်္လာနေ့မှ စနေနေ့ နံနက် ၇ နာရီမှ ၉ နာရီအထိ သင်ကြား လျက်ရှိပြီး ဘာသာရပ်တိုးချဲ့မှုအရ   စာသင်ချိန်တိုးမြှင့် ညိုနှိုင်းရ‌လေ့ရှိပါသည်။ ဒီပလိုမာစာရင်းကိုင် သင်တန်းသားများသည် စာတွေ့သင်ကြားရပြီး လက်မှတ်ရ ပြည်သူ့စာရင်းကိုင် သင်တန်းသားများကဲ့သို့ လက်တွေ့လေ့လာဆည်းပူးမှု မပြုလုပ်ရပါ။ တက္ကသိုလ် အသီးသီးမှ ဘွဲ့ရရှိသူများသည် မြန်မာနိုင်ငံ စာရင်းကောင်စီရုံးမှ ရန်ကုန်မြို့တွင် ကျင်းပသည့် ဒီပလိုမာ စာရင်းကိုင် သင်တန်းဝင်ခွင့်  စာမေးပွဲကိုဖြေဆို အောင်မြင်မှသာ ရန်ကုန်တွင် ဖွင့်လှစ်သော ဒီပလိုမာ စာရင်းကိုင်သင်တန်း တက်ရောက်ခွင့်ရှိပါသည်။ ဝင်ခွင့် စာမေးပွဲကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ရန်ကုန် သင်တန်းကျောင်းတွင် ဝင်ရောက် ဖြေဆိုရမည်။ စာမေးပွဲဖြေဆိုရမည့် ကြော်ငြာကို နေ့စဉ်ထုတ်သတင်းစာများတွင် ကြောြ်ငာ ပေးပါသည်။ ဝင်ခွင့်စာမေးပွဲ ဖြေဆိုအောင်မြင်မှသာ သင်တန်းသားအဖြစ် လက်ခံမည် ဖြစ်ပါသည်။
           ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင် အစိုးရရုံးဌာန ဝန်ထမ်းများ အတွက် ဒီပလိုမာစာရင်းကိုင်သင်တန်းကို၂၀၀၉ခုနှစ်၊ မတ်လ(၃)ရက်နေ့မှစတင်ဖွင့်လှစ်ခဲ့ပါ သည်။ နေပြည်တော်ရှိဝန်ကြီး ဌာနအသီးသီးမှ ဘွဲ့ရဝန်ထမ်းများ လျှောက်ထားတက်ရောက်နိုင်ပါ သည်။ နေပြည်တော်သင်တန်းကျောင်းတွင် အစိုးရဝန်ထမ်းများကို သာ လက်ခံသင်ကြားပေးလျက် ရှိပြီး သင်တန်းကျောင်းဆောင်သစ်ကြီး ဆောက် လုပ် ပြီးစီးပြီးဖြင့် ၍ လောလောဆယ်ဝင်ခွင့်စာမေးပွဲဖြေဆိုရခြင်း မရှိသေးဘဲ လျှောက်ထားသူ အားလုံးလက်ခံ သင်ကြားပေးလျှက် ရှိပါသည်။