Office of the Auditor
General of the Union
www.oagmac.gov.mm

စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ခြင်း

၁၊၊ စာရင်းစစ်ရုံးအသီးသီးတွင် နှစ်ပတ်လည်စစ်ဆေးရေးစီမံချက်နှင့် သုံးလပတ်စစ်ဆေးရေးစီမံချက်များကို ပြင်ဆင်ရေး ဆွဲရပါသည်၊၊ စာရင်းစစ်ရုံးအသီးသီးသည် အောက်ပါအချက်များကိုထည့်သွင်းစဉ်းစားပြီး   စစ်ဆေးမည့်အဖွဲ့အစည်းကို ရွေးချယ်ရေးဆွဲထားသော နှစ်ပတ်လည်စစ်ဆေးရေးစီမံချက်နှင့် သုံးလပတ်စစ်ဆေးရေးစီမံချက်အရ စစ်ဆေးရေးလုပ်ငန်း များကိုဆောင်ရွက်ကြပါသည်-
(က) စစ်ဆေးရေးနှင့်ကာလကြာမြင့်စွာကင်းကွာနေ-မနေ
(ခ) ပြသနာကြီးငယ်ပေါ်ပေါက်ခဲ့ခြင်းရှိ-မရှိ
(ဂ) လုပ်ငန်းအရေးပါမှု
(ဃ) စစ်ဆေးရန်ကြိုတင်လေ့လာထားခြင်းရှိ-မရှိ
၂၊၊ ရေးဆွဲပြီးသောစစ်ဆေးရေးစီမံချက်များကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်အသီးသီးက အတည်ပြုရပါသည်၊၊ 

၃၊၊ စစ်ဆေးခြင်းလုပ်ငန်းမစတင်မီ ယင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ အလေးထားစစ်ဆေးသင့်သည့်အပိုင်းကဏ္ဍ၊ အပိုင်း ကဏ္ဍအလိုက်ချမှတ်သင့်သည့် စစ်ဆေးရေးရည်မှန်းချက်နှင့်စစ်ဆေးသင့်သည့် အတိုင်းအတာပမာဏ တို့ကို အကဲဖြတ်နိုင်ရန် ကနဦးလေ့လာရန်လိုအပ်ပါသည်၊၊ ထို့နောက်စစ်ဆေးရေးအစီအစဉ်ရေးဆွဲပြီးနောက် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွကပါသည်၊၊
၎၊၊ ခေတ်အဆက်ဆက်မြန်မာနိုင်ငံ၌ကျင့်သုံးခဲ့သည့်စစ်ဆေးသည့်အမျိုးအစားများမှာ-
 

(က) ဘဏ္ဍာရေးစာရင်းများစစ်ဆေးခြင်း 

အဖွဲ့အစည်း၏ဘဏ္ဍာရေးစာရင်းများသည်အများလက်ခံကျင့်သုံးနေသည့်မူများနှင့်မြန်မာနိုင်ငံစာရင်းကိုင်စံများ ကိုလိုက်နာ ပြီးအစဉ်တစိုက် ရေးဆွဲထားခြင်း ဟုတ်မဟုတ်နှင့်အဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာအခြေအနေနှင့် ဘဏ္ဍာရေးအခြေ အနေတို့ကို သင့်တင့်လျောက်ပတ်စွာ ဖော်ပြခြင်းပြုမပြု   စာရင်းစစ်ထင်မြင်ယူဆချက်ပေးရန် ရည်ရွယ်ချက်ဖြင့် စစ်ဆေး ခြင်းဖြစ်ပါသည်၊၊

(ခ) လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း

အဖွဲ့အစည်းများက လုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုသည့်လူ (၀န်ထမ်း) ၊ ငွေကြေး (ဘဏ္ဍာရေး) နှင့် ပစ္စည်းစသော သွင်းအားစုများကို ခြိုးခြံချွေတာပြီး စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ထိထိရောက်ရောက် အသုံးပြုခြင်းရှိမရှိ ရည်ရွယ်ချက်ဖြင့် စစ်ဆေးခြင်းဖြစ်ပြီး 3Es Audit(Economy, Efficiency, Effectiveness Audit) ဟူ၍လည်းခေါ်ပါ သည်၊၊ အဆိုပါ 3Es အားလုံးနှင့်အကျုံးဝင်အောင်စစ်ဆေးရမည်ဖြစ်ပါသည်၊၊
(၁)ခြိုးခြံချွေတာမှုကိုစစ်ဆေးခြင်းEconomy၊၊ ၊၊သွင်းအားစုများဖြစ်သော လူ၊ငွေ၊ပစ္စည်းတို့ကို သုံးစွဲရာတွင် လေလွင့်ယိုဖိတ်မှုမရှိစေဘဲခြိုးခြံချွေတာပြီးထိရောက်စွာသုံးစွဲနိုင်အောင်စီမံခန့်ခွဲကြီးကြပ်မှု ရှိမရှိစစ်ဆေးခြင်းဖြစ်ပါသည်၊၊
(၂)စီးပွားရေးတွက်ချေကိုက်မှုရှိမရှိစစ်ဆေးခြင်းEconomy၊၊ ၊၊ သွင်းအားစုများကိုခြိုးခြံချွေတာပြီး ကုန်ကျစရိတ်အနည်းဆုံးဖြင့်အကျိုးအမြတ်အများဆုံးရရှိအောင် တစ်နည်းအားဖြင့် စီးပွားရေးတွက်ချေ ကိုက်အောင် စီမံခန့်ခွဲဆောင်ရွက်ခြင်းရှိမရှိ စစ်ဆေးခြင်းဖြစ်ပါသည်၊၊
(၃) ထိရောက်အောင်မြင်မှုကိုစစ်ဆေးခြင်း Effectiveness ၊၊ ၊၊ အဖွဲ့အစည်း၏ဆောင်ရွက်ချက်များ သည် မျှော်မှန်းသော မူလရည်ရွယ်ချက်အတိုင်းအပြည့်အ၀ရရှိခြင်းရှိမရှိ(သို့မဟုတ်)မည်သည့် အတိုင်းအတာ ပမာဏအထိ ရရှိ သည်ကိုစစ်ဆေးခြင်းဖြစ်ပါသည်၊၊ ယင်းသို့စစ်ဆေးရာတွင်မူလမျှော်မှန်းချက်အတိုင်း မဆောင်ရွက်နိုင်သည်ကို ထောက်ပြခြင်းထက်ရည်မှန်းချက်မအောင်မြင်ရသည့်အဟန့်အတား အခက်အခဲများကို စစ်ဆေးဖော်ထုတ်ပြီး မည်သို့ ဆောင်ရွက်ခြင်းဖြင့်မူလရည်မှန်းချက်ရနိုင်သည်ကိုအကြံပြုနိုင်အောင်အလေးထား စစ်ဆေးရန်ဖြစ်ပါသည်၊၊

(၄)စွမ်းဆောင်ရည်ပြည့်ဝစွာဆောင်ရွက်ခြင်းရှိမရှိစစ်ဆေးခြင်းEfficiency၊၊ ၊၊ သွင်းအားစုများဖြစ်သော လူ(၀န်ထမ်း)၊ငွေကြေးနှင့်ပစ္စည်းတို့ကိုအသုံးပြုရာတွင်ခြိုးခြံချွေတာမှုရှိရုံမျှမကစွမ်းဆောင် ရည်ပြည့်ဝစွာဆောင်ရွက်နိုင် သည်အထိစီမံခန့်ခွဲကြီးကြပ်မှုရှိမရှိစစ်ဆေးခြင်းဖြစ်ပါသည်၊၊

(ဂ)ဥပဒေစည်းမျဉ်းလိုက်နာမှုစစ်ဆေးခြင်း

 

ဥပဒေစည်းမျဉ်းစသည်များ စစ်ဆေးခြင်းမှာ စစ်ဆေးရမည့်အဖွဲ့အစည်း သည် မိမိ၏ လုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာဥပဒေ ၊ နည်းဥပဒေ ၊ စည်းမျဉ်းဥပဒေ ၊ ညွှန်ကြားချက်များ ၊ အမိန့်များကို လိုက်နာမှုရှိမရှိကို သုံးသပ်နိုင်ရန် စစ်ဆေးခြင်းဖြစ်ပါသည်၊၊ ဤစစ်ဆေးမှုကို သာမန်အားဖြင် အထက်ဖော်ပြပါဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်းနှင့်တွဲ၍ ဆောင်ရွက်ရပါသည်၊၊
(ဃ) လျော်ကန်သင့်မြတ်မှုစစ်ဆေးခြင်း
အသုံးစရိတ်များသုံးစွဲရာတွင် စည်းမျဉ်းဥပဒေများနှင့် ကိုက်ညီစေကာမူ ဘဏ္ဍာရေးကျင့်စဉ်များ(Standard of Financial Propriety) အရ လျော်ကန်သင့်မြတ်မှုရှိမရှိ ဆိုသည့်ရှုထောင့်မှ သုံးသပ်စစ်ဆေးခြင်းဖြစ်ပါသည်၊၊ အထူးသဖြင့် ဖြုန်းတီးမှု ၊ အသုံးကြီးမှု ၊ လူတစ်ဦး (သို့မဟုတ်) လူတစ်စု အကျိုးအတွက်သုံးစွဲမှုစသည်တို့ ကင်းရှင်းပြီး လျော်ကန်သင့်မြတ်သည့် အသုံးစရိတ်ဟုတ်မဟုတ်ကြည့်ရန်ဖြစ်ပါသည်၊၊
(င)ဘက်စုံစစ်ဆေးခြင်း
ဤစစ်ဆေးခြင်း၏ အဓိကရည်ရွယ်ချက်မှာ အဖွဲ့အစည်း၏ ဆောင်ရွက်ချက်များနှင့် သယံဇာတသွင်းအားစု အသုံးပြုမှုများသည်ပြဌာန်းထားသောဥပဒေ၊နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းဘောင်အတွင်း ခြိုးခြံချွေတာစွာဖြင့် စွမ်းဆောင်ရည်ပြည့်ဝစွာနှင့်ထိရောက်အောင်မြင်မှုရှိရေးသေချာခိုင်လုံမှုရှိစေရန်စစ်ဆေးခြင်းဖြစ်သည်၊၊ ဘက်စုံစစ်ဆေးခြင်းတွင်ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ဥပဒေစည်းမျဉ်းများနှင့် ညီမညီ ပေါင်းစပ် စစ်ဆေးခြင်းအပြင် လုပ်ငန်းဆောင်ရွက်မှု စာရင်းစစ်ဆေးခြင်းလုပ်ငန်းစဉ်များနှင့်စီမံခန့်ခွဲမှုကိုသုံးသပ်စစ်ဆေးခြင်းပင် ဖြစ်ပါသည်၊၊

၅၊၊ စာရင်းစစ်ရုံးအသီးသီးက အသုံးပြုခဲ့သည့် စစ်ဆေးသည့်စနစ်နှင့် လုပ်ငန်းဆောင်ရွက်ပုံ System and Function of Auditကိုအောက်ပါအတိုင်းခွဲခြားနိုင်ပါသည် -
(က) စဉ်ဆက်မပြတ်စစ်ဆေးခြင်း Continuous Audit ၊၊ ၊၊ စဉ်ဆက်မပြတ် စစ်ဆေးခြင်းဆိုသည်မှာ စစ်ဆေးရန်တာဝန်ရှိသည့်စာရင်းများကိုတစ်နှစ်ပတ်လုံးစဉ်ဆက်မပြတ်အမြဲတမ်းစစ်ဆေးခြင်းကိုဆိုလိုပါသည်၊၊ လုပ်ငန်း ပမာဏကြီးမားများပြားသော အဖွဲ့အစည်းများ၏စာရင်းကို နှစ်ချုပ်စာရင်းရပြီးမှ စစ်ဆေးမည်ဆိုပါက ထိထိရောက်ရောက် နိုင်နိုင်နင်းနင်း မစစ်ဆေးနိုင်ဘဲ စာရင်းစစ်အားနည်းချက်များ ဖြစ်ပေါ်လာနိုင်သည်အန္တရာယ်ကို ကြိုတင် ကာကွယ် သောအားဖြင့် ယင်းအဖွဲ့အစည်းများတွင် အမြဲတမ်းစာရင်းစစ်အဖွဲ့များ Permanent Audit Party ထားရှိစစ်ဆေး ခြင်းသည် စဉ်ဆက်မပြတ်စစ်ဆေးခြင်းပင်ဖြစ်ပါသည်၊၊ စဉ်ဆက် မပြတ်စစ်ဆေးခြင်း၏ ရည်ရွယ်ချက်မှာ အမှားအယွင်းများ ၊စာရင်းလိမ်လည်ရေးသွင်းမှုများနှင့်စည်းမျဉ်းမကျနမှုများမဖြစ်ပွားအောင်ကြိုတင်ကာကွယ်ခြင်း၊ ဖြစ်ပေါ်ပါကချက်ချင်း စစ်ဆေးဖော်ထုတ်နိုင်ခြင်းနှင့်အမှန်ကိုအချိန်မီပြင်ဆင်နိုင်ရန်ဖြစ်ပါသည်၊၊ အထူးအရေးကြီးပြီး ချက်ချင်းအရေးယူ ဆောင်ရွက်သင့်သည်ဟုယူဆသော စစ်ဆေးတွေ့ရှိချက်များ Material and Fundamental Findingsကို စစ်ဆေးရမည့်အဖွဲ့အစည်းတာဝန်ရှိသူများသိရှိအောင်ဆောင်ရွက်ရန်လိုပါသည်၊၊
(ခ) အပြီးသတ်စစ်ဆေးခြင်းFinalor Completed Audit ၊၊ ၊၊အဖွဲ့အစည်းတစ်ခု၏စာရင်းများကို အစမှအဆုံးတိုင် အပြီးသတ်သည်အထိတစ်ကြိမ်တည်းစစ်ဆေးခြင်းဖြစ်ပါသည်၊၊နှစ်ချုပ်စာရင်းသို့မဟုတ် ဘဏ္ဍာရေးရှင်း တမ်းများ Annual Accounts or Financial Statement ၊ ( ကုန်ထုတ်လုပ်မှုစာရင်း ၊ အရောင်းအ၀ယ်အရှုံးအမြတ်စာရင်း ၊ ၀င်ငွေအသုံးစရိတ်၊လက်ကျန်ရှင်းတမ်း)ရရှိပြီးနောက်အထက်ပါစဉ်ဆက်မပြတ်စစ်ဆေးခြင်းစနစ်အရ စစ်ဆေးရန် ကျန်ရှိနေသေးသည်စာရင်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ် သို့မဟုတ် ကာလတစ်ခုအတွက် ပြည်စုံကုံလုံအောင် အပြီးသတ်သည်အထိစစ်ဆေးခြင်းလည်းအကျုံးဝင်ပါသည်၊၊အဖွဲ့အစည်းငယ်များအတွက်ဘဏ္ဍာ ရေးနှစ်ကုန်ပြီး ချက်ချင်း စစ်ဆေးနိုင်သော်လည်းအဖွဲ့အစည်းကြီးများအတွက်ချက်ချင်းစစ်ဆေးနိုင်ရန်မလွယ်ကူပါ၊၊
(ဂ) ပုံမှန်(၆)လတစ်ကြိမ်စစ်ဆေးခြင်း Regular or Bi-annual Audit၊၊ ၊၊ အဖွဲ့အစည်းများ၏ လုပ်ငန်းနှင့်စာရင်းများအား ယခင်ကဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက် ပုံမှန်စစ်ဆေးခြင်း တစ်ကြိမ်ပြုလုပ်ပါသည်၊၊ ယခုအခါ တစ်နှစ်လျှင် တစ်ကြိမ်ပုံမှန်စစ်ဆေးခြင်းထက်ဘဏ္ဍာရေးနှစ်မပြီးဆုံးမီခါးလည်ဖြတ်၍ ပထမ၆လ စစ်ဆေးခြင်းဖြင့် လက်လွန်ခြေလွန်မဖြစ်ခင်ထိန်းသိမ်းတည့်မတ်ပေးရန်၊မသမာမှု၊အလွဲသုံးစားမှု ၊ နိုင်ငံတော် နစ်နာဆုံးရှုံးမှုများကို အချိန်မီ စစ်ဆေးဖော်ထုတ်နိုင်ရန်နှင့် အဖွဲ့အစည်းများက ဘဏ္ဍာရေးနှစ် ကုန်ဆုံး၍ နှစ်ချုပ်စာရင်း ပြုစုရေးဆွဲ တင်ပြမှုကို စစ်ဆေးသည့်အခါတွင် ပထမ ၆လ စစ်ဆေးတွေ့ရှိချက်များအပေါ် အရေးယူဆောင်ရွက် ထားမှုအား စိစစ်ဆောင်ရွက်နိုင်သည့်အပြင်၆လတစ်ကြိမ်ဖြင့်၂ ကြိမ်စစ်ဆေးခြင်း ကြောင့် ဒုတိယ ၆လ ၌ အလေးပေး စစ်ဆေးသင့်သည့် နယ်ပယ်ကို ပိုမို အာရုံစိုက်နိုင်ပြီး စစ်ဆေးရေးလုပ်ငန်း ပိုမို ထိရောက်ရန်ရည်ရွယ်၍ စစ်ဆေးခြင်းကို ခေါ်ဆိုပါသည်၊၊
(ဃ) လုပ်ငန်းကိစ္စရပ်အလိုက် စစ်ဆေးခြင်း Functional Audit ၊၊ ၊၊စစ်ဆေး တွေ့ရှိချက်၏ အရေးပါမှု အတိုင်းအတာ Degree of Materiality အရ သာမန် (ပုံမှန်) စစ်ဆေးရုံမျှဖြင့် မလုံလောက်တော့ဘဲ သီးခြား ကိစ္စရပ်အဖြစ် စစ်ဆေးသင့်သည်ဟု စာရင်းစစ်က ထင်မြင်ယူဆသော ကိစ္စရပ်များ ၊ စာရင်းခေါင်းစဉ်များ ၊ စီမံကိန်းလုပ်ငန်းကြီးများ (Projects ) နှင့် အဖွဲ့အစည်း၏ လုပ်ငန်းနှင့် ငွေကြေးဆောင်ရွက်ချက် တစ်ခုတည်းကို သီးခြားအထူးပြုပြီး အသေးစိတ်စစ်ဆေးခြင်း Specialized Audit or Audit in Depth ကိုလုပ်ငန်းကိစ္စရပ်အလိုက် စစ်ဆေးခြင်းဟု သတ်မှတ်ပါသည်၊၊
(င) တာဝန်ပေးချက်အရစစ်ဆေးခြင်း Audit of Special Assignment or Duty ၊၊ ၊၊ နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စု လွှတ်တော်နာယက ၊ ပြည်သူ့လွှတ်တော်ဥက္ကဌသို့မဟုတ်အမျိုးသားလွှတ်တော် ဥက္ကဌကဖြစ်စေ၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ခုခု၊ ပြည်ထောင်စုဝန်ကြီးဌာနတစ်ခုခု သို့မဟုတ်နေပြည်တော်ကောင်စီ၏တာဝန် ပေးအပ်ချက်အရစစ်ဆေးရသည့်ကိစ္စများဖြစ်ပါသည်၊၊

၆၊၊ အထက်ပါစစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးပါက စာရင်းစစ်အစီရင်ခံစာကို ညွှန်ကြားချက်နှင့် အညီ ရေးသားထုတ်ပြန်ပေးပို့ရပါသည်၊၊ သို့ရာတွင် အရေးကြီးသော စစ်ဆေး တွေ့ရှိချက် (ဥပမာ- ဥပဒေအရ အရေးယူဆောင်ရွက်ရမည့် ငွေသို့မဟုတ် ပစ္စည်းအလွဲသုံးစားမှု ၊မသမာမှုစသည်)များကိုမူ စစ်ဆေးပြီးစီး၍ အစီရင်ခံစာထုတ်ပြန်သည်အထိမစောင့်ဆိုင်းတောဘဲချက်ချင်းအရေးယူဆောင်ရွက်နိုင်ရန် ကြားဖြတ်အစီရင်ခံစာ (Interimreport)ကိုသက်ဆိုင်ရာသို့ ပေးပို့ပါသည်၊၊ စစ်ဆေးတွေ့ရှိချက်များအရ အရေးယူဆောင်ရွက်ခြင်း
၇၊၊ အဖွဲ့အစည်းများအား စစ်ဆေးစဉ်ကာလအတွင်းမှာပင် မေးမြန်းချက်များကို ရှင်းလင်းဖြေကြားရန်နှင့် စစ်ဆေးတွေ့ရှိချက်များအပေါ်လိုအပ်သလိုအရေးယူဆောင်ရွက်သွားရန် ဖြစ်ပါ သည်၊၊ အစီရင်ခံစာထုတ်ပြန်ပြီးသည့်အခါတွင်လည်း အရေးယူဆောင်ရွက်မှုကို သင့်တော်သည့်ကာလအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းက ပြန်ကြားပေးရန်လိုအပ်ပါသည်၊၊ ပြန်ကြားရန်ကာလကို အစီရင်ခံစာပေးပို့စဉ်ကပင် သတ်မှတ်ပေးထားပါသည်၊၊ စစ်ဆေးတွေ့ရှိချက်အပေါ်မူတည်၍ သက်ဆိုင်ရာအဖွဲ့အစည်းသည် အောက်ဖော်ပြပါ နည်းလမ်းများအတိုင်းဆောင်ရွက်ရမည်ဖြစ်ပါသည်-
(
က) ချက်ချင်းအရေးယူရန်ကိစ္စများ ၊၊ ၊၊ လောလောဆယ်ဖြစ်ပေါ်နေသည့် လေလွင်ပြုန်းတီးမှု၊ ယိုဖိတ်မှု ၊ ပျက်စီးမှု၊ နစ်နာဆုံးရှုံးမှု၊အလွဲသုံးစားမှုများကိုချက်ချင်းရပ်တန့်သွားအောင်ဆောင်ရွက်ရပါမည်၊၊
(ခ) ဥပဒေအရ အရေးယူရန်ကိစ္စ ၊၊ ၊၊ ပြဌာန်းထားသည့် တည်ဆဲဥပဒေများနှင့် ငြိစွန်းသည့် မသမာမှု ၊ အလွဲသုံးစားမှုများကိုဥပဒေကြောင်းအရဆက်လက်အရေးယူရပါမည်၊၊ထို့အပြင်တွေ့ရှိထားသော အထောက်အထား များအရဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုကိုတစ်ပြိုင်တည်းပြုလုပ်ရပါမည်၊၊
(ဂ) ဌာနဆိုင်ရာစုံစမ်းအရေးယူရန်ကိစ္စ ၊၊ ၊၊ အစီရင်ခံစာအရ စစ်ဆေးတွေ့ရှိချက် တစ်ရပ်သည် ဥပဒေကြောင်းအရ အရေးယူရန် မခိုင်လုံမှု သက်ဆိုင်ရာအဖွဲ့အစည်း အကြီးအကဲက ယူဆသည့် ကိစ္စရပ်များတွင် ၀န်ထမ်း၏ပေါ့လျော့မှု ၊ တာဝန်လစ် ဟင်းမှုတို့ကြောင့် နစ်နာဆုံးရှုံးမှုမျိုးဖြစ်လျှင် ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းဖြင့် အရေးယူနိုင်ပါသည်၊၊
(
ဃ) သာမန်သိရှိရန်နှင့် အရေးယူရန်ကိစ္စ ၊၊ ၊၊ အချို့စစ်ဆေးတွေ့ရှိချက် များမှာ သာမန်မျှ ဖြစ်၍ နောင်တွင် ပြုပြင်ဆောင်ရွက်သွားပါက ပိုမိုကောင်းမွန်သွားနိုင်စရာ အကြောင်းရှိလျှင် အခါအားလျော်စွာ ပြုပြင်ပြောင်းလဲသွားလျှင် လုံလောက်ပါသည်၊၊
၈၊၊ အစီရင်ခံစာအရ အဖွဲ့အစည်း၏ ၀န်ထမ်းအား အရေးယူရန်ကိစ္စဖြစ်ပါက ပဏာမ စုံစမ်းမှု ကို ပြန်လည်ပြုလုပ်ရန်မလိုဘဲ စစ်ဆေးတွေ့ရှိချက်ကိုပင် စွဲချက်တင်ရန် အထောက်အထားအဖြစ် မှတ်ယူ၍ ဌာနဆိုင်ရာ စုံစမ်းစစ်ဆေးမှုကိုဆက်လက်ပြုလုပ်သွားနိုင်ပါသည်၊၊
၉၊၊ ဒေသစာရင်းစစ်ရုံးများ၏ အစီရင်ခံစာများအပေါ် သက်ဆိုင်ရာ စစ်ဆေးရမည့်အဖွဲ့အစည်းများ က သင့်တင့်သော အချိန်ကာလအတွင်း သင်လျော်အောင် အရေးယူ ဆောင်ရွက်မပေးလျှင် သို့မဟုတ် ပြီးပြတ်ခြင်း မရှိသော ကိစ္စများရှိလျှင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအထိအဆင်ဆင်တင်ပြ၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင် အဖွဲ့အစည်းများ၏ အရေးယူဆောင်ရွက်မှု ပြီးပြတ်သည်အထိကြီးကြပ်ဆောင်ရွက်ပါသည်၊၊