Office of the Auditor
General of the Union
www.oagmac.gov.mm

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မူဝါဒ၊ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များ

မူဝါဒ

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ်သည် နိုင်ငံတော်၏ အရအသုံးစာရင်းကို စစ်ဆေး၍ နိုင်ငံတော်သမ္မတသို့ တင်ပြသည်နှင့် တပြိုင်တည်း ပြည်ထောင်စု လွှတ်တော်သို့ အစီရင်ခံ တင်ပြရန် ဖြစ်ပါသည်။

ရည်မှန်းချက်

၂။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး သည် ပြည်ထောင်စု အဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ၀န်ကြီးဌာနများ၊ အစိုးရဌာနများ၊ အစိုးရ အဖွဲ့အစည်းများ နှင့် နေပြည်တော် ကောင်စီတို့ အတွက် ငွေကြေးကိုင်တွယ် ထိန်းသိမ်းမှုနှင့် စာရင်းပြုစု ထိန်းသိမ်းမှု မှန်ကန်ခြင်း ရှိ/မရှိ၊ စာရင်းထားသိုပုံ နည်းစနစ် သတ်မှတ်ပေးခြင်းနှင့် သတ်မှတ် ထားသော စနစ်နှင့် အညီ ကျင့်သုံးခြင်း ရှိ/မရှိနှင့် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုတို့ကို စစ်ဆေး၍ ပွင့်လင်း ထင်သာမြင်သာစွာဖြင့် အစီရင်ခံ တင်ပြ ရန် ဖြစ်ပါသည်။

လုပ်ငန်းစဉ်

၃။ လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက် နှစ်ပတ်လည် စစ်ဆေးရေးစီမံချက်၊ သုံးလပတ် စစ်ဆေးရေး စီမံချက်များ ရေးဆွဲ၍ စစ်ဆေးရေး လုပ်ငန်းများကို မူဝါဒ၊ ရည်မှန်းချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပြီး လစဉ်လုပ်ငန်း တိုးတက်မှု အစီရင်ခံစာ၊ နှစ်စဉ်လုပ်ငန်း ဆောင်ရွက်မှု အစီရင်ခံစာများဖြင့် စိစစ် သုံးသပ် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါသည်။

(ခ) ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် ဘဏ္ဍာရေးနှစ်တစ်နှစ်အတွက် သင်ကြားပို့ချမှု စီမံချက်များ ရေးဆွဲ၍ အခြား ၀န်ကြီးဌာနများမှ ၀န်ထမ်းများအတွက် အခြေခံအဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်း၊ အလယ်အလတ် အဆင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း၊ အဆင့်မြင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှု သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိပြီး ဤရုံးနှင့်တိုင်းဒေသကြီး / ပြည်နယ်စာရင်းစစ်ချုပ်ရုံး ၀န်ထမ်းများအတွက် စာရင်းစစ်များ လုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်း၊ စာရင်းစစ်မှူးများ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း ၊ မြို့နယ်စာရင်းစစ်အရာရှိ၊ ခရိုင်စာရင်းစစ်အရာရှိ / လက်ထောက်ညွှန်ကြားရေးမှူးများ မွမ်းမံသင်တန်း၊ လုပ်ငန်းခွင် ကွန်ပျူတာ သင်တန်းများ၊ ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုနှင့် ဌာနတွင်း စာရင်းစစ်ဆေးခြင်း အထူးမွမ်းမံသင်တန်းများကို ဖွင့်လှစ်ပို့ချလျက် ရှိပါသည်။ ထို့အပြင် စာရင်းပညာကျွမ်းကျင်သူနှင့် စာရင်း ပညာရှင်များ မွေးထုတ်ပေးနိုင်ရန် မြန်မာနိုင်ငံ စာရင်းကောင်စီ၏ ကြီးကြပ်မှုဖြင့် နေပြည်တော် သင်တန်းကျောင်းတွင် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) နှင့် (ဒုတိယပိုင်း) သင်တန်း များကို လည်းကောင်း၊ ရန်ကုန်သင်တန်းကျောင်းတွင် လက်မှတ်ရပြည်သူ့ စာရင်းကိုင်သင်တန်း (ပထမပိုင်း) ၊ (ဒုတိယပိုင်း) သင်တန်းများ နှင့် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) ၊ (ဒုတိယပိုင်း) သင်တန်းများကို လည်းကောင်း ဖွင့်လှစ်ပို့ချလျက် ရှိပါသည်။

(ဂ) E-Government လုပ်ငန်းစဉ်အား အရှိန်အဟုန်မြှင့် တိုးချဲ့ အကောင် အထည် ဖော်ဆောင်ရွက် ရန် ဖြစ်ပါ သည်။ (အစိုးရ ဌာနအချင်းချင်း လုပ်ငန်း ကိစ္စရပ်များကို အွန်လိုင်းမှ တဆင့်ဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အား တိုးချဲ့ အကောင် အထည် ဖော် ဆောင်ရွက်ရန် ဖြစ်ပါသည်။)